၂။ အ နိမိသ သတ္တာဟ ( ဒုတိယ ၇ ရက်)
ဘုရားရှင် ပလ္လင်တော်ထက်ဝယ်
ခုနစ်ရက်လုံး သီးတင်းသုံးနေသောအခါ အချို့နတ်များက ဘုရားမဖြစ်သေး ပြုဖွယ်ကိစ္စများ ကျန်ရှိနေသေးသည်ဟု ထင်မှတ်ကြ၏..
ဘုရားရှင်သည် ၄င်းနတ်တို့၏ ယုံမှားသံသယကို ပယ်ဖျောက်ရန် ကောင်းကင်မှာ တန်ခိုးပြတော်မူ၍
ဗောဓိပင်၏ အရှေ့မြောက်ထောင့် ပေ ၂၀၀ ကျော်လောက် တွင် ဗောဓိပင်ကိုမမှိတ်သောမျက်စိဖြင့်
မတ်မတ်ရပ်၍ ၇ ရက်ကြာ ကြည့်တော်မူခဲ့သည်ကို အ နိမိသ သတ္တာဟ ဟုခေါ်၏.. နိမိသ - မျက်လုံးမှိတ်ခြင်း
.. အ - မဟုတ် .. ဟုအဓိပ္ပါယ်ရ၏.. ဥာဏ်တော် ၅၅ ပေမြင့်သောစေတီ ကို ကုန်းတော်ပေါ်မှာ အထိမ်းအမှတ် တည်ထား၏…
၃။စင်္ကမနသတ္တာဟ(တတိယ၇ရက်)
ဘုရားရှင်သည် ဗောဓိပင်နှင့်အနိမိသကုန်းတော်အကြား
နတ်တို့ဖန်ဆင်းအပ်သော အရှေ့အနောက်အတောင် ခြောက်ဆယ်ရှိသော ရတနာစင်္ကြံ၌ ၇ ရက်ပတ်လုံး စင်္ကြံကြွတော်မူ၏..
အသောကမင်းသည် ဗောဓိပင်မြောက် ဖက် ပေ ၃၀ လောက်တွင် အရှေ့အနောက် ကျောက်တုံးကြာပွင့်ချပ်များထုလုပ်၍
ပူဇော်ထား၏.. ၁၁ ပွင့်တွေ့ရ၏.. ယခုအခါ သာသနာ ၂၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် သုံးပေလောက်မြင့်သော စင်္ကြံလမ်းပြုလုပ်၍
ကြာပွင့် ၁၉ ပွင့်ပူဇော်ထားသည်ကိုလည်း ဖူးတွေ့ရ၏..
၎။ရတနာဃရသတ္တာဟ(စတုတ္ထ၇ရက်)
ဗောဓိပင်၏ အနောက်မြောက်ယွန်းယွန်း
ပေ ၂၅၀ လောက်ဝေးသောနေရာ၌ နတ်တို့ဖန်ဆင်းအပ်သည့်
ရတနာရွှေအိမ်၌ ၇ ရက်သီတင်းသုံး၍ အဘိဓမ္မာ ၇ ကျမ်းကိုသုံးသပ်ဆင်ခြင်တော်မူ၏ ..နောက်ဆုံးပဋ္ဌာန်း တရားတော်ကြီးကိုသုံးသပ်ဆင်ခြင်တော်မူသောအခါခန္ဓာကိုယ်တော်မှ
ရောင်ခြည်တော်ခြောက်သွယ်ကွန့်မြူး တော်မူခဲ့၏..
သာသနာ့အလံတော်သည် ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်သွယ်ကို အထိမ်းအမှတ်ပြု၍ ရည်မှန်းပြုလုပ်ထားခြင်းပင်တည်း..
၅။
အဇပါလ သတ္တာဟ (ပဉ္စမ ၇ ရက် )
ဆိတ်ကျောင်းသားတို့အရိပ်ခိုရာညောင်ပင်ကိုအဇပါလညောင်ပင်ဟုခေါ်၏..ယခု ညောင်ပင်မရှိတော့ပေ.. ဗောဓိပင်၏အရှေ့ဘက်တည့်တည့်ပေနှစ်ရာကျော်လောက်မှာ ၁၂ပေမြင့်သောအသောက ကျောက်စာတိုင် စိုက်ထူထား၏..ဘုရားရှင်
ထိုညောင်ပင် အောက်၌ ၇ ရက် သီတင်းသုံးစဉ် မာရ်နတ်၏သမီးများဖြစ်သော တဏှာ ရတီ ရဂါ တို့ကလာရောက်မြူဆွ ယ် ဖြား ယောင်းကြ၏.. လူသားထဲမှ ဘုရားရှင်ကို ပထမဆုံးဖူးတွေ့ရ သူ ဒိဋ္ဌမင်္ဂလိကပုဏ္ဏားလည်း လာရောက်၍ ဗြဟ္မဏဆိုင်ရာ မေးခွန်းများမေးခဲ့၏..ထိုပုဏ္ဏားသည်
မာန ဒေါသ ကြီး၍ ဟုံ ဟုံ ဟုံ ဟုအသံပြုလျှက်လှည့်လည်သွားလာတတ်သောကြောင့်
ဟုံဟုင်္ကဇာတိက ပုဏ္ဏားဟုခေါ်၏..တရား နာခဲ့ရသော်လည်းတရားထူးမရခဲ့..မှန်၏..ဓမ္မစကြာမဟောခင်ဟောသောတရားများသည်တရားထူးမရစေနိုင်..
၆။ မုစလိန္ဒ
သတ္တာဟ ( ဆဋ္ဌ ၇ ရက် )
ဗောဓိပင်၏အရှေ့တောင်ဘက်
ပေငါးရာကျော်လောက်တွင် ရေအိုင်ကြီးတစ်ခု နှင့် ကျည်းပင်တစ်ပင်ရှိ၏..
ပါဠိလို ကျည်းပင်ကို မုစလိန္ဒ ဟုခေါ်၏.. ၄င်းကိုအစွဲပြု၍ ရေအိုင်ကို မုစလိန္ဒအိုင်.. ရေအိုင်ထဲကနဂါးကို
မုစလိန္ဒ နဂါးဟုခေါ်၏..အချို့က မုဉ္စလိန္ဒာ ဟုခေါ်ကြ၏..ဘုရားရှင် ကျည်းပင်ရင်း၌ ၇ ရက်သီတင်းသုံးစဉ် မိုးသည်းထန် စွာ ရွာသွန်း၏..
မှန်၏.. ဇွန်လနှောင်းပိုင်းဆိုတော့ မိုးရွာမည်သာတည်း.. နဂါးမင်းသည် ဘုရားရှင်ကို မိမိအခွေ ဖြင့် ၇ ခွေရစ်ပတ်၍ ပါးပျဉ်ထောင်က မိုးပေးထား၏..
၇ ရက်ပတ်လုံးမိုးဆွေပြီးသောအခါ နဂါးမင်းသည် လုလင်
အသွင်ဖန်ဆင်း၍ ဘုရားရှင်ကို ရှိခိုးပူဇော်၏.. ဘုရားရှင်က သုခငါးဖြာ ဥဒါန်းဂါထာကို
ကျူးရင့်တော်မူခဲ့၏.. ယခုအခါ ကျည်းပင်မရှိတော့သော်လည်း
ရေအိုင်ကြီးအလယ်မှာ နဂါးရုံဘုရားတည်ထား၏.. ဦးကျော်သိန်းတို့ အဖွဲ့ကောင်းမှုဟုသိရပေ၏..သမိုင်းအဆိုအရ တစ်ကီလိုမီတာဝေးသောနေရာတွင်ရှိသည့်
ယခုလက်ရှိ မုရှလိ န္ဒာရွာနေရာသည်သာ မုဉ္စလိန္ဒာနေရာအစစ်ဖြစ်သည်ဟုဆိုပါ၏..
၇။ ရာဇာယနတ
သတ္တာဟ ( သတ္တမ ၇ ရက် )
လင်းလွန်းပင်ကို ရာဇာယနတ
ဟုခေါ်၏.. ဗောဓိပင်၏အရှေ့တောင်ဘက် ပေတစ်ရာလောက်တွင်ရှိ၏.. မြန်မာ ပြည်က ဗိုလ်မှူးကြီးလှအောင်တို့
ပြန်လည်စိုက်ပျိုးသည်ဟုသိရ၏.. လေးဆယ့်ကိုးရက်ပြည့်သောနေ့၌ သိကြား မင်းက ဆေးသျှစ်သျှာသီးနှင့်ဒန်ပူကိုကပ်လှူခဲ့၏..
ဥက္ကလာပတိုင်းသား တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင် တို့သည် အတိတ်ဘ၀က ဆွေမျိုးတော်ဖူးသော
ရုက္ခစိုးနတ်သမီး၏တိုက်တွန်းချက်ကြောင့် ဘုရားရှင်ကို ပျားမုန့် ဆွမ်းများလာရောက်ကပ်လှူ၏..
နတ်မင်းကြီးလေးပါတို့လှူဒါန်းလာသောသပိတ်လေးလုံးကိုအဆင့်ဆင့်နှိပ်ထပ် ၍ အနားလေးရစ်ရှိသပိတ်ဖြင့်
ဘုရားရှင်က အလှူခံတော်မူ၏.. ဗုဒ္ဓ ဓမ္မ ဒွေဝါစိကသရဏဂုံခံယူဆောက်တည်၏ ဘုရားရှင်က ဆံတော်ရှစ်ဆူ
ပေးသနားတော်မူ၍ ရွှေတိဂုံ စေတီတွင်ဌပနာတည်ထားကိုးကွယ်တော်မူ၏..
မဟာဗောဓိစေတီတော် မူလဒါယကာမှာအသောကမင်းကြီးဖြစ်၏..
ခရစ်2ရာစုမှာ မဂဓဘုရင် ကနိရှက က လက်ရှိပုံစံဖြစ်အောင်ပြုပြင်ခဲ့၏.. ဥာဏ်တော် ပေ၁၈၀ မြင့်၏.. မြန်မာ ၁၂၃၉ = ခရစ်
1877 တွင် မြန်မာဘုရင် မင်းတုန်းမင်းက ထပ်မံပြု ပြင်ခဲ့၏.. စေတီရံများသည် မင်းတုန်းမင်း၏
ကောင်းမှုဖြစ်၏..စေတီတော်အတွင်း၌ဂုတ္တခေတ် လက်ရာ ဥာဏ် တော် ၁၀ ပေခန့်ရှိ ရုပ်ပွားတော်တစ်ဆူရှိ၏..ရှေ့နားငါး ပေလောက်မှာ တွင်းငယ်လေးတစ်ခုရှိ၏.. အိန္ဒိယလွတ် လပ်ရေးရပြီးမှ ဗုဒ္ဓဘာသာဝင်တို့၏တောင်းဆိုချက် အရဟိန္ဒူတို့ကိုးကွယ်ရာသျှီဝလိင်ပုံကျောက်ရုပ်ကြီးကိုဖယ်ရှားထားသောနေရာဖြစ်၏.. အထက်ပစ္စယာမှာလည်း ရုပ်ပွားတော်ရှိသေး၏.. တက်ရာက်ခွင့်ပိတ်ထား၏..
မင်းတုန်းဇရပ်
ခရစ် 1874 တွင် မင်းတုန်းမင်းကြီး၏အမိန့်တော်အရ
မြောင်လှမြို့စားဦးဆောင်သောမြန်မာအဖွဲ့သည် မဟာ ဗောဓိစေတီတော်ကြီးကိုပြုပြင်ရန်နှင့်အရံစေတီများတည်ရန်စေတီတော်ကြီး၏အရှေ့ဘက်ဂိုက်လေးရာလောက်
တွင်ဇရပ်တစ်ဆောင်ဆောက်လုပ်နေထိုင်ခဲ့ကြရာ ဆယ်နှစ်ကျော်ကြာသည်ဟုဆို၏..မင်းတုန်းဇရပ်သည်
မဟန့် နန်းတော်နှင့် တောင်ဘက် မြောက်ဘက်ဖြစ်၏..ယခုအခါ မဟန့်မျိုးဆက်များနေ၍ နွားမွေး
ဆိတ်မွေး ကြက်မွေး ၀က်မွေးဖြစ်နေပေပြီ.. ဇရပ်ကြီးသည် လေးပေလောက်မြင့်၍ ပေ ၁၀၀ လောက်ရှည်၏..
တစ်ထပ်ဖြစ်၍ ယခုထိ အခိုင်အခန့် အကောင်းကြီးရှိပေသေး၏..
ဇရပ်ဘေးနားမှာ မင်းတုန်းမင်းကောင်းမှုကိုရေးထိုးထားသောကျောက်စာတိုက်ငယ်နှစ်ခုရှိ၏..တောကြိုအုံကြား
ချောက်ကြိုမြောင်းကြားရောက်ရှိနေပြီတည်း.. ဘာသာခြား လူမျိုးခြား အလယ်မှာ ကျွုန်ုပ်တို့
ရွှေဗမာများ ဘာများတတ်နိုင်ဦးမည်နည်း .. ဓာတ်ပုံ ရိုက်၍ ပြန်ရုံသာတည်း..လူမျိုးခြား ခြင်းက ပြဿနာသိပ်မကြီးလှသော်လည်းဘာသာခြားခြင်းက
ပြဿနာကြီးလှ၏.. ဤကား ကျွန်ုပ်၏ အလိုတည်း …
No comments:
Post a Comment