Thursday, 24 September 2015

ဖင်လန်နိုင်ငံအဘယ်ကြောင့် ပညာရေးတွင်ထိပ်တန်း ဖြစ်ရသနည်း


ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခတိုနီဝဂ္ဂနာက ဖင်လန်နိုင်ငံသည်ပညာရေးတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်လာရခြင်းအား စာမေးပွဲကိုအလေးမထားမှုကြောင့်ဟု တိုတိုတုတ်တုတ်မှတ်ချက်ပြုသွား သည်။ ဖင်လန်နိုင်ငံသည် အဘယ်ကြောင့်ကမ္ဘာအံ့ဖွယ် ပညာရေးစနစ်ဖြင့် အောင်မြင်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ရသနည်း။စက်မှုလက်မှုနိုင်ငံ တစ်နိုင်ငံသည် ပညာရေးတွင် အအောင်မြင်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ရသည်။အစဉ်အလာ ပညာရေးကစာမေးပွဲစနစ်ဖြင့်အဆုံးသတ်သည်။စစ်ဆေးခြင်းသည်ကလေးတစ်ယောက်ဘ၀အတွက်အဖြေဖြစ်နေသည်။ထိုအနေအထားကိုဖင်လန်ပညာရေးက တော်လှန်ပြီး ပြုပြင်ပြောင်းလဲနိုင်သောကြောင့် အောင်မြင်ခဲ့လေသလား ဆန်းစစ်ရန်လိုပါသည်။ ဤအဖြေကိုပါမောက္ခဝဂ္ဂနာနှင့် ဒေးဗစ်ဆီရိုတာတို့၏အင်တာဗျူးကအဖြေပေးနိုင်လိမ့်မည်ထင်သည်။

Q : ဖင်လန်နိုင်ငံဘာကြောင့် အောင်မြင်ရတာလဲ။ပညာရေးမှာ နောက်ခံတွေကောင်းလို့လား၊စနစ်တွေကောင်းလို့လား။ဒီကနေစပြီးဆရာ့ကို ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။ A : ၁၉၇၀အစောပိုင်းလောက်တုန်းကဖင်လန်နိုင်ငံရဲ့ပညာရေးကအဲဒီလောက်မဟုတ်သေးဘူး။လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့စီးပွားရေးစနစ်ဖြစ်နေလို့ဆင်းရဲသေးတယ်လို့ ပြောနိုင်တယ်။တကယ်တော့ သူတို့အလျှင်အမြန်ပြုပြင်ပြောင်းလဲ ခဲ့ကြတာ။ပညာရေးစနစ်ကို ပြန်ပြီးတော့အားသစ်တွေလောင်းတယ်။ ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်တယ်။သူတို့ကစီးပွားရေးကိုတောင်အသိပညာကိုအခြေခံသည့်စီးပွားရေးစနစ်ဆိုပြီးလုပ်ကြတာ။ ဒီလိုနဲ့၁၉၇၀ လောက်ရောက်တော့ ပြုပြင်ပြောင်းလဲမှုကို လုပ်တော့မယ်ဆိုပြီး အနာဂတ်အတွက် ဆရာလောင်းတွေကို စိတ်ကြိုက်ရွေးချယ်ကြတယ်။ ပညာရေးကို ပြုပြင်ပြောင်းလဲတော့မယ်ဆိုပြီး လုပ်သင့်လုပ်ထိုက်တာကို ပထမဦးစားပေးအနေနဲ့လုပ်ကြတာပါ။ဆရာတွေထဲက ရွေးချယ်ရာမှာပရိုဆန်ဆန်တကယ်တော်တဲ့သူတွေကိုပဲ ရွေးကြတယ်။ဆရာတိုင်းကိုသာမန်ဘွဲ့လောက်ထက်မာစတာဘွဲ့ရဆိုတာမျိုးဖြစ်ရမယ်ဆိုပြီး ရွေးကြတာ။ဒါကြောင့်ဆရာဖြစ်ချင်တယ်ဆိုတဲ့သူတွေကိုသာမန်ဘွဲ့လောက်နဲ့မဖြစ်ဘူးဆိုပြီးအရည်အသွေးကို မြှင့်တင်လိုက်တာဟာ အောင်မြင်ရတဲ့ပထမအကြောင်းတရားဖြစ်မယ်။ ဆရာ့အလုပ်ဆိုတာ လေးစားလောက်တဲ့အလုပ်ဆိုတာထက်ပညာအရည်အချင်းနဲ့လည်းကန့်သတ်ပိုင်းဖြတ်ပြီး မြှင့်ယူခဲ့ကြတယ်။အဲဒီလို လေးစားဂုဏ်ယူစရာအကောင်းဆုံးအမြင့်မားဆုံးအလုပ်ဖြစ်အောင် လစာတွေကအစ အမြင့်ဆုံးဖြစ်အောင်လုပ်ပေးခဲ့တယ်။ဆရာအလုပ်လာလျှောက်တဲ့၁၀ ယောက်မှာ ၁ ယောက် လောက်ပဲ စာသင်ခန်းထဲ ဝင်ခွင့်ရတဲ့အထိအလုပ်ကိုကန့်သတ်ပစ်လိုက်တယ်။ဒါကြောင့်လည်းနိုင်ငံတကာကPISAလို့ခေါ်နေတဲ့ပညာရည်အဆင့်ကိုသူတို့ ကောင်းကောင်း ကျော်ဖြတ်နိုင်ခဲ့ကြတာပေါ့။အနောက်နိုင်ငံတွေထက်သူတို့သာသွားတာအဲဒီအချက်ကြောင့်ပဲ။အာရှသားတွေပညာတော်တယ်ဆိုတဲ့အဆင့်အထိသူတို့ကလိုက်ပြီးခြိမ်းခြောက်နိုင်ခဲ့တယ်။ဒီလိုနဲ့ ကမ္ဘာ့အဆင့်မှာပါ ပညာရေးထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ရတော့တာပဲ။ Q : ဆရာတွေကိုပဲအခြေခံထားပြီး ပြုပြင်လိုက်တယ်။နိုင်ငံအတွင်းမှာစာမေးပွဲစနစ်ကိုရောမလုပ်ကြဘူးလား။PISAဆိုတာ ကနိုင်ငံတကာစာမေးပွဲတစ်ခုမဟုတ်လား။ A : ဟုတ်တာပေါ့။သူတို့နိုင်ငံတွင်းမှာစာမေးပွဲဆိုတာမလုပ်ဘူး။စစ်ဆေးတဲ့ပုံစံ လုပ်တယ်ဆိုပေမယ့် ကလေးတွေကိုအကဲဖြတ်ဖို့စစ်တာလောက်ပဲရှိတယ်။သူများတွေစစ်သလိုစာမေးပွဲပုံစံကြီးနဲ့စစ်တာမျိုးမရှိဘူး။တစ်ဦးနဲ့တစ်ဦးပြိုင်ဖို့ဆိုတဲ့သဘောမျိုးတွေနဲ့စစ်ဆေးတာမျိုးတွေမဟုတ်ဘူး။စာမေးပွဲမရှိတော့သူတို့ကိုဘာနဲ့မက်လုံး ပေးရသလဲဆိုရင်ကိုယ့်အလုပ်မှာကိုယ်တတ်ကျွမ်းမှု၊နားလည်မှုဆိုတာတွေနဲ့တိုင်းတာမှုတွေလုပ်ရတယ်။သူတို့ကိုပိုင်းဖြတ်တဲ့ဆရာတွေအပေါ်မှာသူတို့လုံးဝယုံကြည်အားထားနိုင်တယ်။သူတို့ဆောင်ပုဒ်က “ကိုယ့်ကျွမ်းကျင်မှုကိုယုံကြည်ပါ”ပဲ။ဒါကြောင့်လည်း သူတို့ဖင်လန်မှာ အမြင့်ဆုံးနဲ့အနိမ့်ဆုံး ကျောင်းကွာခြားချက်က၄ရာခိုင်နှုန်းလောက်ပဲရှိတယ်။ Q : ဖင်လန်မှာလုပ်နေတဲ့ပညာရေးပြုပြင် ပြောင်းလဲမှုနဲ့ အမေရိကန်မှာလုပ်နေတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုက လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်။သူတို့နဲ့ယှဉ်လိုက်ရင်အမေရိကန်ကဆရာတွေကမကောင်းဆိုးဝါးတွေလိုဖြစ်မနေဘူးလား။ပြီးတော့ကျွန်တော်တို့ပညာရေးကကလေးတွေကိုစာမေးပွဲနဲ့ဖိထားတာလေ။ဒီနှစ်နိုင်ငံရဲ့ သဘောထားတွေက ဘာကြောင့်များ အဲဒီလောက်ကွာခြားနေရတာလဲဆရာ။ A : ပထမဦးဆုံး အဓိကကျတဲ့အချက်က ဖင်လန်နိုင်ငံဟာပညာရေးမှာသာမဟုတ်ဘူး တီထွင်ကြံဆမှုမှာလည်း ထိပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေသေးတယ်။သူတို့မှာစွန့်ဦးတီထွင်နိုင်အားတွေအရမ်းကောင်းကြတယ်။ခင်ဗျားတို့ အဘိုးတို့ခေတ်လောက်ကဆိုရှယ်လစ်စကားမျိုးတွေသူတို့ပြောကြတာမဟုတ်ဘူး။ အမေရိကန်မှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတယ်ဆိုတာကစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အဓိက မောင်းနေကြတာ။Xerox ကုမ္ပဏီက ဒေးဗစ်ကီရန်နဲ့ IBM ကုမ္ပဏီကလူးဂါ့စ်နာတို့ကပညာရေးဆိုင်ရာညီလာခံကြီးတစ်ခုကိုလုပ်တယ်လို့ကြားတယ်။ဒါပေမယ့်သူတို့ဘယ်ပညာရေးသမားတွေကိုမှမဖိတ်ကြဘူး။သူတို့ဖိတ်တာကCEO တွေ၊အစိုးရအဖွဲ့ဝင်တွေ၊လွှတ်တော် အမတ်တွေလောက်ပဲဖိတ်ပြီး ဆွေးနွေးကြတာ။ ကျွန်တော်နားလည်ထားတာကလုပ်ငန်းတွေမှာကျွမ်းကျင်တဲ့သူတွေလိုတာပဲဗျ။ဘ၀အာမခံချက်ပေးနိုင်တဲ့ ပညာရေးလို့ဘယ်လောက်ပဲအော်အော်ပညာရေးစနစ်အပေါ်အယုံအကြည်မရှိရင်လည်း အောင်မြင်မှာမဟုတ်ဘူး။ဖင်လန်နဲ့ဘာကွာခြားသလဲဆိုတော့အဲဒီမှာကနှစ်ပါတီစနစ်ပဲရှိပေမယ့်အဲဒီနှစ်ပါတီစလုံးကနှစ်ပေါင်း၃၀ ကျော်လောက်ပညာရေးကိုအလေးထားလုပ်ရကောင်းမှန်းသိတယ်။ဆရာတွေကိုတကယ့်အရည်အသွေး မြှင့်တင်ပေးရ ကောင်းမှန်းသိတယ်။သူတို့ကလုပ်ငန်းတွေနဲ့ပညာရေးကိုလည်းပူးပေါင်းဆက်စပ်ထားတယ်။ ပေါ်လစီရေးဆွဲသူတွေ ပညာရေးဘက်ကပညာရှင်တွေ ပေါင်းစည်းညီညွတ်ကြတယ်။ကျွန်တော်တို့အမေရိကန်မှာလိုအပ်နေတာအဲဒါပဲဗျ။ Q : အမေရိကန်ပညာရေးနဲ့ဖင်လန်ပညာရေးကိုနှိုင်းယှဉ်ရတာမျှတနိုင်ပါ့မလားဆရာ။ဖင်လန်နိုင်ငံက လူမျိုးတစ်စုတည်းလိုလိုပဲ ရှိတာ။အမေရိကန်မှာကလူမျိုးကွဲတွေဒီလောက်များနေတာ။ A : ဖင်လန်နိုင်ငံမှာကလူတွေထင်ထားတာထက်ပိုပြီးတော့တောင်ကွဲပြားမှုတွေရှိနေပါတယ်။လူဦးရေရဲ့ ၅၀ရာခိုင်နှုန်းလောက်ကဒုတိယဘာသာစကားကိုပြောကြတယ်။ဟယ်ဆင်ကီဘာသာစကားပြောတဲ့ ကျောင်းပေါင်း ၄၅ရာခိုင်နှုန်းလောက်ရှိတယ်။ဖင်လန်ကို အမေရိကန်နဲ့ မနှိုင်းယှဉ်နိုင်ဘူးဆိုပေမယ့် သူတို့မှာလည်း အဲဒီကွဲပြားမှုတွေက အရမ်းကြီးမားတယ်။ဖင်လန်နိုင်ငံရဲ့အရွယ်အစားနဲ့လူဦးရေကကျွန်တော်တို့ ပြည်နယ်တစ်ပြည်နယ်စာ လောက်ပဲရှိတယ်။ဖင်လန်ကိုကျွန်တော်တို့တိုင်းပြည်ကမင်နီဆိုးတားပြည်နယ်လောက်နဲ့ပဲနှိုင်းယှဉ်ကြည့်ရအောင်။ ဒေသကလည်း အတော်လေးတူတယ်။ဒါပေမယ့်နိုင်ငံတကာနဲ့ယှဉ်လိုက်ရင်သူတို့ကဘာကြောင့်မြင့်တက်သွားရသလဲ။ကျွန်တော်တို့မှာ သူတို့ဆီကနေ လေ့လာသင်ယူစရာတွေအများကြီးပဲ။ Q : စီးပွားရေးအရဆိုရင်ရောဘယ်လိုပြောမလဲဆရာ။နယူးယော့ခ်တက္ကသိုလ်ပါမောက္ခဒိုင်ရင်းရာဗစ်ခ်ျက ပြောဖူးတယ်။ပညာရေးတစ်ခုတည်းနဲ့တော့ဒီတိုင်းပြည်ရဲ့ဆင်းရဲမွဲတေမှုကိုမဖြေရှင်းနိုင်ဘူးဆိုတာပေါ့။ဆင်းရဲခြင်းကိုဖြစ်စေတဲ့ အကြောင်းတရားတွေအများကြီးတော့ရှိတာပေါ့။ဖင်လန်နိုင်ငံမှာက စီးပွားရေးအရ ဆင်းရဲချမ်းသာကွာဟချက် အရမ်းနည်းတယ်လို့သိရပါတယ်။အဲဒီလိုဆင်းရဲမွဲတေမှုနည်းပါး ခြင်းကလည်းပညာရေးမှာ အောင်မြင်ရတဲ့ အကြောင်းအချက်တစ်ခုဖြစ်မနေဘူးလားဆရာ။ A : အဲဒီအတွက်အဖြေနှစ်ခုရှိတယ်။ပထမကတော့လူမျိုးရေးနဲ့လူတန်းစားကွာဟမှုကိုအရင်ပြောရမယ်။ စာမေးပွဲ စစ်ဆေးရင်ဆင်းရဲတဲ့သူတွေရဲ့ရမှတ်တွေကရောဆင်းရဲလို့နည်းမယ်ထင်သလား။ဒါကြောင့် လူတန်းစား ကွာခြားလို့ လူမျိုးရေးကွဲပြားလို့ရမှတ်တွေကွာခြားရမယ်ဆိုတာမျိုးတော့မရှိပါဘူး။ဒီတိုင်းပြည်မှာက စီးပွားရေးကွာဟချက်တွေ များတယ်ဆိုတာမှန်ပါတယ်။ဒါတွေလျှောက်ပြောရရင်တော့ပိုပြီး ဝေးလိမ့်မယ်ထင်တယ်။ တစ်ခုတော့ရှိတယ်။ချမ်းသာတဲ့ရပ်ကွက်ကအကောင်းဆုံးကျောင်းတွေနဲ့၊ပုဂ္ဂလိကကျောင်းတွေ ယှဉ်ရင်တော့ ကွာကောင်းကွာမယ်။ ဒါပေမယ့်ဆရာရဲ့သင်ကြားနိုင်စွမ်းနဲ့ရလဒ်တွေကိုလည်း ပြန်သုံးသပ်ရမယ်။ကျွန်တော်တို့မှာက စာမေးပွဲနဲ့တိုင်းတာနေတော့ဉာဏ်ကောင်းရင်အမှတ်ကောင်းကောင်းရမယ်။ အောင်မယ်ပေါ့။ဒါပေမယ့်သူတို့မှာ ကျွမ်းကျင်မှုတော့မရှိနိုင်ဘူး။ကမ္ဘာ့အဆင့်ကိုမီချင်ရင်စာကျက်ပြီးမှတ်မိတာလောက်နဲ့ ပြန်ဖြေတာမျိုးမလုံလောက်တော့ဘူး။ဖင်လန်သား တွေလုပ်နေသလိုပညာအခြေခံစီးပွားရေးကိုကမ္ဘာ့အဆင့်အထိ မြှင့်တင်နိုင်အောင်လုပ်မှဖြစ်လိမ့်မယ်။ ဖင်လန်ဘာကြောင့်ပညာရေးမှာတိုးတက်သလဲဆိုရင်သင်ကြားရေးကိုအရမ်းထူးချွန်အောင်လုပ်ကြတယ်။သူတို့သင်ကြားတဲ့ ပုံစံက ကြောင်းကျိုးဆင်ခြင်တဲ့သင်ကြားနည်းမျိုးမဟုတ်တော့ဘူး။သင်ကြားနည်းမှာသူတို့အတွက်စံတစ်ခုသီးခြားရှိနေတယ်။ ဒုတိယအချက်ကသင်ယူမှုမှာသူတို့ကအရေးအကြီးဆုံးကဘာလဲလို့အမြဲဆန်းစစ်တယ်။သူတို့သင်ကြားမှု-သင်ယူမှုဖြစ်စဉ်မှာ ပြဋ္ဌာန်းစာအုပ်ကိုအလွတ်ကျက်မှတ်ရတာမျိုးတွေလုံးဝမရှိတော့ဘူး။သူတို့ကကြက်တူရွေးလိုအလွတ်ရွတ်ပညာရေးထက် တွေးခေါ်စဉ်းစားနိုင်တဲ့ပညာရေးကိုဦးစားပေးလာကြတယ်။ ပြဋ္ဌာန်းစာအုပ်ဆိုတာအလွတ်ကျက်ဖို့မဟုတ်ဘူး၊စဉ်းစားတွေးတောဖို့ အခြေခံလို့သဘောထားလာကြတယ်။ကျွန်တော်တို့အချမ်းသာဆုံးကျောင်းတွေတောင်မှ ကမ္ဘာ့အဆင့်မီလို့သာပြောနေတယ်အဲဒီလိုမလုပ်နိုင်သေးဘူး။ Q : ဒါဆိုရင်ဆရာရယ်ဖင်လန်ကိုမီဖို့ဆိုတာပညာရေးကိုဖင်လန်လိုလိုက်လုပ်လိုက်တာနဲ့ ပြောင်းလဲတိုးတက်မှုတွေ မဖြစ်နိုင်ဘူးလား။စီးပွားရေးကွာဟချက်တွေ၊မညီမျှမှုတွေ မေ့ထားလိုက်ပြီးသူတို့လိုပုံတူကူးတာမျိုးပေါ့။ A : စီးပွားရေးကွာခြားတယ်ပြောရအောင် ဖင်လန်မှာလည်းဆင်းရဲတဲ့ကျောင်းတွေရှိတာပဲဗျ။သူတို့ကဆင်းရဲတာကိုမပြောဘူး။သင်ကြားမှုသင်ယူမှုမှာဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုတာကိုပဲဂုဏ်ယူပြောကြတယ်။ကျွန်တော်တို့တိုင်းပြည်မှာလည်း လူမည်းရပ်ကွက်ကဆင်းရဲတဲ့ကျောင်းတွေရှိတာပဲ။သူတို့အထက်တန်းအောင်ပြီး ကောလိပ်ကိုသွားရင် အောင်မြင်ကြတာပဲဗျ။လူဖြူတွေထက်တောင် အောင်မြင်သေးတယ်။ဒီတော့ဆင်းရဲတာ၊စီးပွားရေးကွာဟတာတွေနဲ့သိပ်မဆိုင်တော့ဘူး။သင်ကြားရေးပဲ အရေးကြီးတယ်။လူမျိုးကွဲပြားတာလူတန်းစားကွဲပြားတာရှိကောင်းရှိမယ်။ဒါ တွေကို အကြောင်းပြပြီးတော့ ပညာရေးမှာ ကွဲပြားခြားနားနိုင်တယ်လို့ပြောတာတော့မမှန်နိုင်ပါဘူး။ Q : ဖင်လန်သားတွေပညာရေးကို မြှင့်တင်ရာမှာဆရာတွေရဲ့အခန်းကဏ္ဍကိုဦးစွာမြှင့်တင်ခဲ့တယ်လို့သိရပါတယ်။သူတို့ကဆရာအလုပ်ကို လေးစားဂုဏ်ယူဖွယ်အလုပ်တစ်ခုလိုတန်ဖိုးထားပြီး မြှင့်တင်ခဲ့ကြတာပါ။ကျွန်တော်တို့ အမေရိကန်မှာကတော့ဆရာဆိုတာအမျိုးမျိုးအပုပ်ချပြီးလက်ညှိုးထိုးစရာတစ်ခုအနေနဲ့သဘောထားကြတာ။အဲဒီအပေါ်မှာရော ဆရာ့အနေနဲ့ဘယ်လို မြင်ပါသလဲ။ A : သူတို့ကဆရာကိုသိပ္ပံပညာရှင်တွေလို့ထင်ပြီး၊စာသင်ခန်းကိုဓာတ်ခွဲခန်းလိုသတ်မှတ်ထားကြတာ။ဒါကြောင့်လည်း သူတို့ကဆရာတိုင်းကိုမာစတာဘွဲ့တစ်ခုခုရမှအတန်းကိုအပ်တာ။သူတို့ယုံကြည်ထားတာက မာစတာဒီဂရီတစ်ခုခု ရထားတဲ့သူတွေဟာပညာရေးဆိုင်ရာသဘောတရားကိုပဲသင်သင်၊လက်တွေ့ပဲလုပ်လုပ် ပေါက်ကရလုပ်မယ့်သူတွေလို့ မထင်ကြဘူး။သူတို့ကသင်ကြားမယ့်အကြောင်းအရာတွေကို ကောင်းကောင်းပြင်ဆင်တတ်မယ်၊ဘာသင်ရမယ်ဆိုတာသိတယ်၊ဘယ်လိုသင်ရမယ်ဆိုတာလည်းသိကြတယ်။ဒါကသူတို့ဘာကြောင့်မာစတာဘွဲ့ရတွေကို ရွေးချယ်ရသလဲဆိုတဲ့ပထမအချက်။ ဒုတိယအချက်ကသူတို့ကဆရာအလုပ်ကိုငတ်လို့လုပ်တာဆိုတာထက်တတ်လို့ဝင်လုပ်ကြတာများတယ်။တကယ့်ကိုပရိုတွေဆန်ဆန်ဝင်လုပ်ကြတာ။လုပ်ငန်းလုပ်ဆောင်ရာမှာလည်းပူးပေါင်း ဆောင်ရွက်တဲ့စိတ်ဓာတ်တွေ အပြည့်ရှိကြတယ်။ ကျောင်းချိန်အတွင်းမှာတစ်ဦးကိုတစ်ဦးအပြည့်အကူအညီပေးကြတယ်။သင်ခန်းစာတွေကို ပူးပေါင်းပြင်ဆင်ကြတယ်။အကြံဉာဏ်တွေပေးကြတယ်။အဲဒီလိုတစ်ဦးကိုတစ်ဦး အကြံဉာဏ်ပေးတာကိုလည်း ဆရာလုပ်တယ်လို့မယူဆကြဘူး။သင်ခန်းစာတွေကိုကြိုတင်ပြင်ဆင်တယ်။ကျွန်တော်တို့ ကောင်းတယ်ပြောပြော ဆိုးတယ်ပြောပြောအလယ်ခေတ်ပညာသင်စနစ်လမ်းကြောင်းအတိုင်းပဲသွားနေကြသေးတယ်။ဆရာတစ်ယောက်ဟာ တစ်နေကုန်အလုပ်လုပ်ရတယ်။ နေ့တိုင်းလုပ်ရတယ်။တစ်ဦးတည်းလုပ်နေရင် တီထွင်ဖန်တီးနိုင်စွမ်းတွေ ကျဆင်းတတ်တယ်ဆိုတာ ဖင်လန်သားတွေ ကောင်းကောင်းသိတယ်။ဒါကြောင့်လည်း တစ်ဦးတည်း လုပ်ဆောင်ရတဲ့ အနေအထားတွေကိုသူတို့ ရှောင်ကြတယ်။ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ရလဒ်တွေကိုသူတို့ ကောင်းကောင်းသိအောင် လေ့ကျင့်ထားကြတယ်။ဒါကြောင့်လည်းသူတို့အောင်မြင်ကြတယ်။

No comments:

Post a Comment