လူမှုစီးပွားအဆင်ပြေ၍ ချမ်းသာကြွယ်ဝကြသူများ၏ သားသမီးများမှာ ဉာဏ်ရည် ပိုမို
ထက်မြက်ကြသည်၊ ကျောင်းပညာရေးတွင် ပိုတော်ကြသည် ဟူသော အယူအဆမှာ ဆွေးမြေ့
ဟောင်းနွမ်းခဲ့ပြီးဖြစ်ပါ၏။
မိဘများ၏ လစဉ်၊ နှစ်စဉ် ၀င်ငွေ၊ ချမ်းသာ ကြွယ်ဝမှု ပမာဏ၊ နေထိုင်ရာမြို့နယ်၊
ရပ်ကွက် စသည့် လူမှုစီးပွား နောက်ခံအခြေအနေများနှင့် ကျောင်းပညာရေး
အောင်မြင်မှု ဆက်နွယ်နေမှု ဆိုသည်မှာ အတိတ် ကာလများတွင် ပြောဆို
ဆွေးနွေးခဲ့သောပုံစံများလောက် ရိုးစင်းလှသည်တော့မဟုတ်ပါ။
အမှန်တကယ်တွင်မူ ဤ ၂ ခု၏ အဆက်အစပ်ကို ရိုးရိုးသာ ရှုမြင်ခဲ့သည်မှာ အစဉ်
မမှန်ကန်နိုင်ကြောင်းများကို တွေ့မြင်ခဲ့ခြင်းပင်။ ဆင်းရဲ နွမ်းပါးသော
မိသားစု များမှ ကလေးများသည်လည်း ဘ၀တွင် ထွန်းပေါက် အောင်မြင်နိုင်စွမ်း
အဘယ်ကြောင့် ရရှိနေပါသနည်း။
အလှည့်အပြောင်း
“ကျောင်းပညာရေးတွင် အောင်မြင်မှုကို မည်သည့်အချက်များမှ လွှမ်းမိုးနေသနည်း”
ဟူသော မေးခွန်းကို မိဘများအား မေးမြန်း ကြည့်ခဲ့ဖူးပါသည်။ ဖြစ်နိုင်သော
အဖြေများတွင် “အစားအစာ ကောင်းကောင်း ကျွေးမွေးခြင်း၊ ငယ်စဉ်ကတည်းက
(မူကြိုအရွယ် ကတည်းက) ပညာရေး အခြေခံကောင်း ရရှိခြင်း၊ မိဘများ၏
နောက်ခံပညာအခြေခံ၊ မွေးစဉ် (အကြီး၊ အငယ်၊ အလတ်)၊ ရုပ်ပိုင်း၊
စိတ်ပိုင်းကျုန်းမာရေး စသည့် အချက်များ ပါဝင်နိုင်ပါလိမ့်မည်။ လူအများစု
သတိ မမူမိတတ်သည့် အရေးကြီးသော အချက် တစ်ချက်ကား ကျန်ရှိနေလေသည်။ ဤအချက်မှာ
အခြားသော အချက်များကို များစွာ လွှမ်းမိုမှု ရှိပြန်သည်။ ကလေးများ၏
စိတ်အခြေခံ၊ သင်ယူ လေ့လာမှုနှင့် အဆုံးစွန်အားဖြင့် ကျောင်းပညာရေး
အောင်မြင်မှုတွင်လည်း သက်ရောက်မှု ရှိခြင်းကြောင့်ပင် ဖြစ်သည်။
ဤအချက်မှာ “မိဘများကိုယ်တိုင် ပါဝင်ဆောင်ရွက်မှု” ပင်ဖြစ်တော့သည်။
လူမှုစီးပွား နောက်ခံအခြေအနေနှင့် ကျောင်းပညာရေး အောင်မြင်မှု တိုက်ရိုက်
ဆက်နွယ်နေသော အချက်များကို မငြင်းပယ်လိုပါ။ သို့ရာတွင် မိဘများ၏ ကိုယ်တိုင်
ကိုယ်ကျ ပါဝင် ဆောင်ရွက်မှုမှာ ဤဆက်နွယ်နေမှုတွင် ကြားခံသော့ချက်ပင်တည်း။
တနည်းဆိုရသော် ကလေးများ၏ ဆင်းရဲ၊ ချမ်းသာ နောက်ခံ အကြောင်းတရားများမှာ
များစွာ အရေးမကြီးလှ ခြင်းပင်ဖြစ်သည်။ အရေးပါသည့် အချက်မှာကား
သားသမီးငယ်များ၏ ကျောင်း ပညာရေးတွင် မိဘများ ကိုယ်တိုင် ကိုယ်ကျ အနှစ်သာရ
ရှိရှိ၊ ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်မှုရှိခြင်း၊ တက်ကြွစွာ လုပ်ကိုင်
ဆောင်ရွက်ပေးခြင်း၊ မိဘများ၏ ပါဝင်မှုမှာ ထင်သာမြင်သာ
ရှိခြင်းတို့ပင်ဖြစ်သည်။ အထက်တွင် မေးထားသည့် မေးခွန်း၏ အဖြေလည်းဖြစ်သည်။
ဆင်းရဲသောမိဘများ၏ ကလေးငယ်များမှာ ကျောင်းပညာရေးတွင် အောင်မြင်မှု
ရရှိနိုင်ခြင်းနှင့် မိဘချမ်းသာ ကြွယ်ဝသော်ငြားလည်း သားသမီးတို့မှာ
ကျောင်းပညာရေးတွင် အောင်မြင်မှု မရရှိကြသူတို့အကြား ခြားနားချက်ကို
ရှင်းပြနိုင်ခြင်းဖြစ်သည်။ မြန်မာစကားပုံတွင် အထင်ကရဖြစ်သော “လက်ဦးဆရာ၊
မည်ထိုက်စွာသည်၊ ပုဗ္ဗာစရိယ မိနှင့်ဖ” ဟူသည်မှာ မိဘများ၏ တာဝန်
ဝတ္တရားကိုလည်း ဖော်ကျူးထားခြင်းပင်။
စံနမူနာယူစရာ
နိုင်ငံတကာတွင် အောင်မြင်မှု ရရှိနေသော ဦးနှောက်ခွဲစိတ်ကု သမားတော်၊
စာရေးဆရာ၊ စိတ်ခွန်အား တက်ကြွဖွယ်ဟောပြောသူ ဒေါက်တာ ဘန်ကာဆန်သည် အသက် ၃၃
နှစ် အရွယ်တွင် ဂျွန်ဟော့ကင်း ဆေးရုံကြီး (အမေရိကန်နိုင်ငံ နှစ်စဉ်
အကောင်းဆုံး ဆေးရုံဆု ၁၈ ခု ရရှိပြီး) ၏ ကလေးသူငယ် ဦးနှောက်ခွဲစိတ်ကု
သမားတော်အလုပ်ကို ရရှိသည်အထိ အောင်မြင်မှုနှင့် ပတ်သက်၍ တစ်ဦးတည်းသော
မိခင်ဖြစ်သူကြောင့် ဖြစ်ကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့လေသည်။
ရင်ချင်းဆက်အမွှာကို ခွဲစိတ်ကုသသူ၊ မကြာမကြာ သတိလစ် “တက်” တက်သူ လူနာများကို
ကူညီပေးရန်အတွက် ဦးနှောက် တစ်ခြမ်းကို ခွဲစိတ်ထုတ်ပယ်သည့် radical
hemispherectomies သမားတော်တစ်ဦးဖြစ်သည်။ ဒေါက်တာဘန်ကာဆန်မှာ
ဆင်းရဲနွမ်းပါးပြီး မိဘများမှာ လင်မယား ကွာရှင်းပြတ်စဲထားသူများဖြစ်လေသည်။
မိသားစု ဖရိုဖရဲဖြစ်ခြင်းကို ငယ်စဉ်ကပင် ကြုံတွေ့ခံစားရလေသည်။ မိခင်
ဖြစ်သူသည် သုံးတန်း အဆင့်သာ ကျောင်းနေဘူးပြီး စာပေ မတတ်သူဖြစ်ရကား
မိသားစုကို အလုပ် ၃-၄ မျိုး တပြိုင်တည်းလုပ်ကာ ပင်ပန်းဆင်းရဲစွာ
လုပ်ကိုင်ရှာဖွေ ကျွေးမွေးခဲ့ရသည်။ သား ၂ ယောက်လူလားမြောက်လာစေရန်
ပြုစုပျိုးထောင်ပေးခဲ့ရာတွင် ဒေါက်တာ ဘန်ကာဆန်နှင့် သူ၏ ညီဖြစ်သူတို့ကို
တီဗွီတစ်ချိန်လုံးကြည့်နေသည်ထက် စာပိုမိုဖတ်ရှုလေ့လာရန် ကြပ်မတ် လမ်းညွှန်
ခဲ့သည်။ ရက်သတ္တ တစ်ပတ်တွင် ရုပ်မြင်သံကြားအစီအစဉ် ၂ခု၊ ၃ ခုကိုသာ
ကြည့်ရှုခွင့်ပြုလေသည်။ နေ့နေ့ ညည ကျန်သော အချိန်အများစုကိုကား စာပေ
ဖတ်ရှုခြင်း၊ လေ့လာခြင်းတို့ဖြင့် ကုန်လွန်စေရသည်။ အမိဖြစ်သူသည် သား ၂
ဦးတို့၏ ပညာရေးတွင် နိုးကြားတက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့၏။ ကျောင်း
ပညာရေး၏ တန်ဖိုးကို အစဉ်ပင် သတိပေးလေ့ရှိပြီး မဖြစ်နိုင်သောအရာ
ဟူသည်မရှိဟုလည်း စိတ်ခွန်အား တတ်ကြွဖွယ်ရာ ပြောဆိုဆုံးမတတ်သည်။
မြန်မာနိုင်ငံတွင် အထင်ကရ တစ်ဦးဖြစ်သူ တက္ကသိုလ် ကောလိပ်ကျောင်းအုပ်ကြီး၊
စာပေ ပညာရှင် ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်မှာ ဆင်းရဲသော မိသားစု၏ စာတော်သော
ကျောင်းသား ဖြစ်ခဲ့ကြောင်းကိုလည်း ရေးသား ဆွေးနွေးခဲ့ဖူးပါသည်။
နွေးထွေးသော ကရုနာရှင် အမေ
ဆရာဆရာမများအနေဖြင့် မိဘများနှင့် မည်သည့်အချိန်တွင် တွေ့ဆုံတတ်ပါနည်း။
များသောအားဖြင့် မြန်မာစာသင်ကျောင်းများတွင် ကျောင်းသားမိဘနှင့်
တွေ့ဆုံမှုမှာ ပြဿနာဖြစ်သည့် အခါတွင်သာ ဖြစ်လေသည်။ ကျောင်းသားများ
ဆိုးသွမ်းသည့်အခါ၊ ကျောင်း စာမေးပွဲ ကျရှုံးသောအခါ၊ ခိုက်ရန် ဖြစ်ပွားသည့်
အခါတို့တွင်သာ ထိုကျောင်းသားတို့၏ မိဘများနှင့် တွေ့ဆုံ လေသည်။ “မိဘ၊ ဆရာ
ပူးပေါင်း ကလေး ပညာကောင်း” ဟူသော ပညာရေး စကားပုံရှိသော်ငြားလည်း
ကလေးငယ်တစ်ဦးချင်း မိဘများအနေဖြင့်မူ ကျောင်းအုပ်၊ အတန်းပိုင်၊
ဘာသာရပ်ပြဆရာဆရာမများနှင့် တွေ့ဆုံ ဆွေးနွေးခွင့်မှာမူ
များစွာမရှိသေးကြောင်း လေ့လာတွေ့ရှိ ရပြန်သည်။ စာသင်ကျောင်း၏ တစ်နှစ်တာ
ပညာရေးပြက္ခဒိန်တွင် ထည့်သွင်း မထားရှိကြသေး။
အခြားသောနိုင်ငံများ၏ ပညာရေးသုတေသန လေ့လာတွေ့ရှိမှုများအရ မိခင်၊ ဖခင်
တစ်ဦးဦးမှ ကလေး၏ ပညာရည်တိုးတက်မှုကို ကျောင်းဆရာဆရာမများနှင့် လာရောက်
ဆွေးနွေးသည့် အခါဝယ် ကျောင်းသား အနေဖြင့် အပြုအမူ၊ စိတ်ပါဝင်စားမှုနှင့်
သင်ယူ လေ့လာရာတွင် ပိုမို ကောင်းမွန်တိုးတက်မှုရှိခြင်းပင်ဖြစ်ပါသည်။ မိဘမှ
ကျောင်းသို့ လာရောက်သည့်အတွက် ကြောက်ရွံ့ ထိတ်လန့်ပြီး ပြောင်းလဲလာခြင်းဟူ၍
ရှုမြင်နိုင်သည်။ ဤသို့ကား မဟုတ်ရပါလေ။ အကောင်းမြင် သဘောထားအနေဖြင့်သာ
ရှုမြင်အပ်သည်။ မိဘနှင့် ကျောင်းသား နှစ်ဦးနှစ်ဝအတွက် ပညာရေးအမြစ်ကို
ခိုင်မာစေခြင်းပင်။ သူတို့၏ ကျောင်းစာနှင့် ကျောင်း ပညာရေးတွင် မိဘများ၏
ပါဝင်ပတ်သက်မှု၊ စိတ်ဝင်စားမှု၊ အခြား ကျောင်းသားများနှင့် ဆက်ဆံရေး၊
ဆရာဆရာမများနှင့် ဆက်ဆံရေးတို့ကို သားသမီးများနှင့် ဆွေးနွေး
ပြောဆိုမှုတို့သည် ကျောင်းသူကျောင်းသားများမှ ပညာရေးကို အမှန်တကယ်
စိတ်ပါဝင်စားမှု ဖြစ်ပေါ် စေပါသည်။ စိတ်အား တက်ကြွဖွယ်ရာလည်း ဖြစ်ပြီး ပညာရေး
စိတ်ခွန်အား ရရှိစေကာ ဖြစ်နိုင်စွမ်းရှိသည့် လိုလားအပ်သော ကျောင်း ပညာရေး
ရည်မှန်းချက်များ ခပ်မြင့်မြင့် ထားရှိကြပါသည်။
လက်ရှိကျောင်းပညာရေးအခြေအနေ၊ သူငယ်ချင်းများအကြောင်း၊
သူတို့စိတ်ပါဝင်စားသည့် ဘာသာရပ်များ၊ အကြောင်းအရာများ၊
မျှော်မှန်းချက်များ၊ အနာဂတ်အကြောင်း စသည်တို့ကို ကလေးများနှင့် ဆွေးနွေး
ပြောဆိုခြင်းသည် သင်ယူလေ့လာမှုကို တိုးတက် စေရန် များစွာ အထောက်အပံ့
ဖြစ်စေပြီး ကျောင်းပညာရေးတွင် အောင်မြင်မှု ရရှိရန်အတွက်လည်း
မျှော်လင့်နိုင် ပါသည်။ အနှစ်သာရ အားဖြင့် မိဘများ၏ ပါဝင်ဆောင်ရွက်မှု၊
ကလေးပညာရေးအတွက် နိုးကြားတက်ကြွမှုတို့ကို ကျောင်းသူကျောင်းသားများမှ
များစွာ တန်ဖိုးထားရှိကြောင်းပင်ဖြစ်ပါ၏။
ကျောင်းများအနေဖြင့် နှစ်ဝက်တိုင်းတွင် မိဘတိုင်းနှင့် အတန်းပိုင်၊
ဘာသာရပ်ပြဆရာတို့ တွေ့ဆုံ ဆွေးနွေးခြင်း အစီအစဉ်ကို ရေးဆွဲ ထားသင့်သည်။
ငါးမိနစ်၊ ဆယ်မိနစ်ခန့် တွေ့ဆုံခြင်းမှာ ပညာရေး အကျိုးကျေးဇူး
များစွာရှိပါသည်။ ပညာရည်တိုးတက်မှု မှတ်တမ်း ပေးပို့ပြီးသည့်အခါများတွင်
ကလေးတိုင်း၏ မိဘတိုင်းနှင့် တွေ့ဆုံခြင်းအစီအစဉ်ပင်ဖြစ်၏။ ဆိုးသော၊
တော်သော၊ ညံ့သော ကလေး ဟူ၍လည်း ခွဲခြား ထားမှုမရှိဘဲ မိဘအားလုံးနှင့်
အလှည့်ကျ တွေ့ဆုံခြင်းဖြစ်သည်။ ထို့အပြင် အခါအားလျော်စွာ လိုအပ်ချက်
များအရလည်း တွေ့ဆုံသင့်ပါသည်။ အနည်းဆုံးအားဖြင့် မိဘတိုင်းသည်
ကလေးများနှင့် ကျောင်းပညာရေး ဆိုင်ရာတို့ကို ပြောဆို ဆွေးနွေးနိုင်သည်
မဟုတ်ပါလား။
ကလေးများ၏ ပညာရေး အောင်မြင်မှုမှာ ကျောင်းဆရာဆရာမများသာလျှင် တာဝန်ရှိသည်
မဟုတ်ပါ။ ဆရာဆရာမများနည်းတူ ကလေးများ၊ မိဘများ၊ ရပ်ရွာလူ့အဖွဲ့အစည်းနှင့်
အစိုးရ အဆင့်ဆင့် တွင်လည်း အညီအမျှ တာဝန်ကြီးကြီးရှိပါကြောင်း။
No comments:
Post a Comment