ဗောဓိပင် နှင့် မဟာဗောဓိ
စေတီတော်ရှိရာဌာနကို ဗုဒ္ဓဂယာဟုခေါ်၍ မြောက်ဖက် ၆ မိုင်ခန့်ဝေးသော နေရာ၌ ဂယာမြို့ဟုသီးသန့်ရှိ၏..
ဖွား ပွင့် ဟော စံ ဤလေးတန်
မှတ်ရန် သံဝေဇနိယ
.. သံဝေဇနိယ ဆိုတာ ထိန့်လန့်မှုသံဝေဂ ဖြစ်စေနိုင်
ရစေနိုင်တဲ့ နေရာ ပေါ့.. ဘုရားရှင်
ပရိနိဗ္ဗာန်စံမည့်နေ့မှာအရှင်အာနန္ဒာက ဘုရားရှင်ကို လျှောက်ပါတယ်…အရင်ကဆိုရင် ၀ါဝင် ၀ါထွက်မှာ ရဟန်းတော်များဘုရားရှင်ဆီကိုဘုရား ဖူးရင်း တရားနာရင်း လာကြလို့ ရဟန်း တော်တွေကို အာပါးတရဖူးမျှော်ရတယ်.. ခုတော့
ဘုရားရှင် ပရိနိဗ္ဗာန်စံသွားရင် ဒီလို ကြည်ညိုဖွယ်ရာကောင်း လှတဲ့ရဟန်းတော်တွေကိုဖူးမျှော်ရတော့မှာမဟုတ်ဘူး လို့လျှောက်တော့ ဘုရားရှင်က ကြည်ညိုဖွယ် ရဟန်းများ ကိုဖူးမျှော်နိုင်ခွင့်ရနိုင်သော နေရာဌာနများကို
သံဝေဇနိယ လေးဌာနဆိုပြီး ဟောကြားခဲ့တာဖြစ်ပါတယ်..
“ အာနန္ဒာ .. ငါဘုရား ပရိနိဗ္ဗာန်စံဝင်သွားသည့်အခါ
ရတနာသုံးပါးကိုသက်ဝင် ယုံကြည် ကြည်ညိုကြတဲ့ ဘိက္ခု
ရဟန်း.. ဘိက္ခုနီ ရဟန်းမ.. ဥပါသကာ အမျိုးသား.. ဥပါသိကာ အမျိုးသမီး ..တို့သည် ဤလေးဌာနသို့ လာရောက်ကြလိမ့်မည်..
ယေ ဟိ ကေစိ အာနန္ဒ စေတိယ စာရိကံ အာဟိဏ္ဍန္တာ ပသန္နစိတ္တာ
ကာလံ ကရိဿန္တိ သဗ္ဗေ တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇိဿန္တီတိ..(ဒီ၊
၂၊ ၁၁၆) အကြင်သူတို့သည် စေတီတော်ကို ပူဇော်ခြင်းငှာ လှည့်လည်ကုန်စဉ် ကြည်ညိုသောစိတ်ရှိကုန်သည်ဖြစ်၍
ကွယ်လွန်သွားခဲ့မည်ဆိုလျှင် သုဂတိဘ၀ဖြစ်သော လူ့ပြည် နတ်ပြည်သို့ ရောက်နိုင်ရာ၏ ” အမှန်တော့ သံဝေဇနိယ လေးဌာနမှ မဟုတ်ပါ.. ဘယ်နေရာ ဘယ်ဒေသ က စေတီတော်ကိုပဲဖြစ်ဖြစ် ဖူးမျှော်ရင်း
ဝေယျာဝစ္စပြုရင်း ကြည်ညိုစိတ်(ဗုဒ္ဓါနုဿတိ) စိတ်ဖြင့်
ကွယ်လွန်လျှင် နတ်ပြည် သုဂတိသို့ ရောက်ရမည်မှာ အမှန်မုချပင်ဖြစ်ပါသည်..ဖတ်ခဲ့ဖူးသည်မှာ မင်းကွန်းဆရာတော်ဘုရားက“ဘုန်းကြီးကတော့မဇ္ဈိမဒေသကိုဘုရားဖူးသွားမည့်အစား ရွှေတိဂုံဘုရားကိုပဲ ၁၀ ပတ် ပတ်ပြီး ပူဇော်မယ်..
ကိုယ့်နိုင်ငံကဘုရားစေတီတွေ မှာ ရွှေတွေကိုဝင်းလို့ .. သူများနိုင်ငံက စေတီတွေက ကိုယ့်နိုင်ငံက
စေတီတွေလိုဘယ်ကြည်ညိုစ ရာကောင်းပါ့မလဲ .. ဘာသာခြားတွေဖျက်ဆီးတာမြင်ရပြီး ယောနိသောမနသီကာရမထားနိုင်ရင်အကုသိုလ် ဒေါမနဿ
တောင်ဖြစ်လာဦးမယ်” ဟု မိန့်ကြားတော်မူပါသည်.. မှန်လှစွာ၏.. အိန္ဒိယမှာနေနေသူ အကျွန်ုပ်ကား ဆရာတော်ဘုရား၏ မိန့်တော်မူချက်ကို ဒီမှာ ဘုရားဖူးရင်း ခဏခဏသတိရကာ ယောနိသော ကို အတင်း နင်းကန် ဖြစ်ညှစ် မွေးမြူရပါပေ၏..သာသနာကွယ် ချိန်ရောက်သောအခါ ( သာသနာ၅၀၀၀ ပြည့်သော အခါ) ကမ္ဘာမှာ ရှိသမျှဓာတ်တော်များ သည် ဗောဓိပင်အောက်၌စုဝေးပြီး ဘုရားရှင်အသွင်ဖြင့် တရားဟောပါမည်.. နတ် ဗြဟ္မာ များသာနာကြား ရမည့်တရားပွဲတည်း..ထိုအချိန် ဤနေရာသို့ လူမရောက်နိုင်တော့..ထို့နောက် တေဇောဓာတ်လောင်မည်..ဓာတုပရိနိဗ္ဗာန်စံဝင်ပါမည်..

၁။ပလ္လင်္ကသတ္တာဟ(ပထမ၇ရက်)
ဗောဓိပင်=သစ္စာလေးပါး
မြတ်တရားကိုဆရာမကူသယမ္ဘူဥာဏ်ဖြင့်ကိုယ်တော်တိုင်သိရာဌာနဖြစ်ခြင် ကြောင့်
ဗောဓိပင်ဟုခေါ်၏..အရှင်အာနန္ဒာ. ဗောဓိပင်.ကာဠုဒါယီအမတ်..ယသောဓရာ. မောင်ဆန် ရွှေအိုးကြီးလေးလုံး
.. ကဏ္ဍကမြင်း တို့သည် ဖွားဖက်တော်များဖြစ်ကြ၏.. (ဗုဒ္ဓ၀င်အဋ္ဌကထာ အဂုင်္တ္ထိုရ် . ဋ္ဌ . အလိုမူ အရှင် အာနန္ဒာအစား အာရောဟနီယ စီးတော်ဆင်ကို ရေတွက်၏.. ဤကား ဆိုင်ရာ ကျမ်းစာတို့ကို နှုတ်တက်ဆောင်ခဲ့ကြသော မထေရ်တို့၏အလိုအရ ဖွင့်ဆိုပြခြင်းဖြစ်၍ ကွဲပြားရခြင်းတည်း.. အသောကမင်းလက်ထက် မိဖုရား တိဿရက္ခာ သည် ဗောဓိပင်ကို ခုတ်လှဲခိုင်း၏.. အသောကမင်းသည် နွားနို့ရည်သွန်းလောင်း၍အဓိဋ္ဌာန်ပြုသောကြောင့် ဗောဓိပင်ပြန်လည်ပေါက်လာခဲ့၏..
အသောကမင်းသည်ပရ၀ုဏ်ဝင်းကြီးကို လေးဘက်လေးတန်အုတ်တံတိုင်းခတ်ခဲ့၏.. သျှီဝဘုရင် ဆာဆင်္ကာသည် ဗောဓိပင်ကို ဖျက်ဆီး၏.. သို့သော် အမြစ်များမှ ပြန်လည်ပေါက်ခဲ့၏.. မဂဓဘုရင်ပူရာဏဘာမန်က စောင့်ရှောက်ထားကာ ဗောဓိပင်ကို ကျောက်လက်ရန်းကာထားလိုက်၏.. ခရစ်နှစ် 1193.. မတ်လ မှာ မွန်ဂိုစစ်ဗိုလ်ချုပ် မိုဟာမက်ဂိုရီ က စစ်တပ်နှင့်လာပြီး စေတီ.. ဘုန်းကြီးကျောင်း.. ဗောဓိပင်တို့ကိုဖျက်ဆီး၏.. ခရစ်နှစ်၁၂ရာစုအကုန် ၁၃ ရာစုမှာအိန္ဒိယပြည်သည်မွတ်ဆလင်မွန်ဂိုမင်းတို့လက်အောက်သို့ကျရောက်ခဲ့.. ခရစ်နှစ် 1727 မှာ နောက် ဟိန္ဒူဘုန်းကြီးဖြစ်လာမည့် မဟန့်ဂီရိ ၏ ဘိုးဘွားများက မဟာဗောဓိပရ၀ုဏ်နှင့် ဂယာမြို့ကိုအပိုင်စားရခဲ့၏.. ခရစ်နှစ် 1870 မှာ ကျောက်စာဝန် မစ္စတာ ကန်နင်ဟမ် က မဟာဗောဓိစေတီတော်ကို ပြန်လည်ပြင် ဆင်သည့်အခါ ဗောဓိပင်ကြီးသည် အို၍ပြိုလဲခဲ့၏.. ၄င်းဗောဓိပင်၏မျိုးစေ့ကိုစိုက်ပျိုး၍ ယခုလက်ရှိဗောဓိပင် ဖြစ်ပေါ်လာခဲ့၏.. ခရစ် 1876 မှာ ဟိန္ဒူဘုန်းကြီး မဟန့် ကစိုက်ပျိုးသည်ဟုလည်းသူတို့သမိုင်းက ဆို၏..

ဤနေရာ၌ ကျွန်ုပ်၏ ယုံကြည်ယူဆချက်ကို
ပြောလိုသေး၏.. သင် သိတဲ့အတိုင်း ဗောဓိပင်သည်
B.C 623 က ပေါက်ခဲ့၍ ယခု 2010 ခုနှစ်၌ နှစ်ပေါင်း 2633
နှစ်သက်တမ်းကို ဖြတ်သန်းခဲ့ရပေသည်.. သဘာဝဘေးဒဏ် ရာသီဥတုဒဏ်တို့အပြင် လိုသူ မလိုသူတွေ၏ လောကဓံတို့ကိုပါ
ရင်စည်း ခါးစည်း ခံစားခဲ့ရပေသည်.. အဆက် ဆက်ပြောင်းခဲ့သော
အပင်တို့သည် မူလဗောဓိပင်အစစ်ဟုတ်ချင်လည်းဟုတ်မည်.. မဟုတ်ချင်လည်းမဟုတ် တော့ပေ..
သို့သော် ကျိန်းသေတာတစ်ခုကတော့ သာသနာကွယ်ချိန်မှာ ဒီနေရာ ဒီဗောဓိပင်အောက်မှာ
ဘုရား ရှင်တရားဟောမှာကား ကျိန်းသေလှစွာ၏.. ထို့ကြောင့် ဒီနေရာမှာ ဗောဓိပင်တစ်ပင်ကတော့ ကျိန်းသေရှိနေဦး
မည်သာတည်း.. ထို့ကြောင့် ကျွန်ုပ်သည် ယခုလက်ရှိ ဗောဓိပင်ကို ကြည်ညိုပါ၏ .. ဦးခိုက်ပါ၏
.. ပူဇော်ပါ၏..
ဘုရားလောင်းသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်.. ကဆုန်လပြည့်နေ့
( B.C 588 .. May ) ညနေချမ်းတွင် ဗောဓိပင်သို့ကြွလာကာ
သောတ္ထိယ မြက်ထမ်းသမားလှူလိုက်သော မြက်ရှစ်ဆုပ်ကို
ဗောဓိပင်ရင်း၌ ကြဲဖြန့် လိုက်သောအခါ ဆယ့်လေးတောင်ပမာဏရှိသော အပရာဇိတပလ္လင်တော်ပေါ်ထွန်းခဲ့၏.. ဘုရားလောင်းသည် အရှေ့အရပ်သို့လှည့်၍ ထိုင်တော်မူကာ ၁။ ဒေ၀ပုတ္တမာရ် - မာရ်နတ်နှင့်တကွ စစ်သည်အပေါင်းကို အောင်မြင် ခြင်း.. ၂။ ကိလေသမာရ် - ၁၅၀၀ ကိလေသာအပေါင်းကို အောင်မြင်တော်မူခြင်း.. ၃။ အဘိသင်္ခါရမာရ် = ကုသိုလ်ကံ အကုသိုလ်ကံ အားလုံးကို ကုန်ခန်းအောင်မြင်ခြင်း.. ၄။ခန္ဓမာရ် = အပါယ်ခန္ဓာ .. လူခန္ဓာ.. နတ်ခန္ဓာ.. ဗြဟ္မာခန္ဓာ .. ခန္ဓာအားလုံးကို အောင်တော်မူခြင်း.. ၅။ မစ္စုမာရ် = သေခြင်းတရားကို အောင်တော်မူ ခြင်းဟူသော မာရ်ငါးပါးကို အောင်မြင်တော်မူခဲ့သည်.. ထို့ကြောင့် အပရာဇိတ = ပရာဇိတ - ရှုံးအပ်ရာ.. အ - မဟုတ်.. အောင်မြင်ရာဌာန ဟုခေါ်၏..ဗုဒ္ဓသည် အပရာဇိတပလ္လင်ထက်ဝယ် ၇ ရက်သီတင်းသုံးတော်မူ၏.. “အနေကဇာတိသံသာရံ” အစဖြာသည့် ပထမဗုဒ္ဓ၀စနကို ဥဒါန်းကျူးရင့်တော်မူခဲ့၏..