Thursday, 24 September 2015

"ကလေးများ၏ လက်ဦးဆရာ"


လူမှုစီးပွားအဆင်ပြေ၍ ချမ်းသာကြွယ်ဝကြသူများ၏ သားသမီးများမှာ ဉာဏ်ရည် ပိုမို ထက်မြက်ကြသည်၊ ကျောင်းပညာရေးတွင် ပိုတော်ကြသည် ဟူသော အယူအဆမှာ ဆွေးမြေ့ ဟောင်းနွမ်းခဲ့ပြီးဖြစ်ပါ၏။ မိဘများ၏ လစဉ်၊ နှစ်စဉ် ၀င်ငွေ၊ ချမ်းသာ ကြွယ်ဝမှု ပမာဏ၊ နေထိုင်ရာမြို့နယ်၊ ရပ်ကွက် စသည့် လူမှုစီးပွား နောက်ခံအခြေအနေများနှင့် ကျောင်းပညာရေး အောင်မြင်မှု ဆက်နွယ်နေမှု ဆိုသည်မှာ အတိတ် ကာလများတွင် ပြောဆို ဆွေးနွေးခဲ့သောပုံစံများလောက် ရိုးစင်းလှသည်တော့မဟုတ်ပါ။ အမှန်တကယ်တွင်မူ ဤ ၂ ခု၏ အဆက်အစပ်ကို ရိုးရိုးသာ ရှုမြင်ခဲ့သည်မှာ အစဉ် မမှန်ကန်နိုင်ကြောင်းများကို တွေ့မြင်ခဲ့ခြင်းပင်။ ဆင်းရဲ နွမ်းပါးသော မိသားစု များမှ ကလေးများသည်လည်း ဘ၀တွင် ထွန်းပေါက် အောင်မြင်နိုင်စွမ်း အဘယ်ကြောင့် ရရှိနေပါသနည်း။

အလှည့်အပြောင်း “ကျောင်းပညာရေးတွင် အောင်မြင်မှုကို မည်သည့်အချက်များမှ လွှမ်းမိုးနေသနည်း” ဟူသော မေးခွန်းကို မိဘများအား မေးမြန်း ကြည့်ခဲ့ဖူးပါသည်။ ဖြစ်နိုင်သော အဖြေများတွင် “အစားအစာ ကောင်းကောင်း ကျွေးမွေးခြင်း၊ ငယ်စဉ်ကတည်းက (မူကြိုအရွယ် ကတည်းက) ပညာရေး အခြေခံကောင်း ရရှိခြင်း၊ မိဘများ၏ နောက်ခံပညာအခြေခံ၊ မွေးစဉ် (အကြီး၊ အငယ်၊ အလတ်)၊ ရုပ်ပိုင်း၊ စိတ်ပိုင်းကျုန်းမာရေး စသည့် အချက်များ ပါဝင်နိုင်ပါလိမ့်မည်။ လူအများစု သတိ မမူမိတတ်သည့် အရေးကြီးသော အချက် တစ်ချက်ကား ကျန်ရှိနေလေသည်။ ဤအချက်မှာ အခြားသော အချက်များကို များစွာ လွှမ်းမိုမှု ရှိပြန်သည်။ ကလေးများ၏ စိတ်အခြေခံ၊ သင်ယူ လေ့လာမှုနှင့် အဆုံးစွန်အားဖြင့် ကျောင်းပညာရေး အောင်မြင်မှုတွင်လည်း သက်ရောက်မှု ရှိခြင်းကြောင့်ပင် ဖြစ်သည်။ ဤအချက်မှာ “မိဘများကိုယ်တိုင် ပါဝင်ဆောင်ရွက်မှု” ပင်ဖြစ်တော့သည်။ လူမှုစီးပွား နောက်ခံအခြေအနေနှင့် ကျောင်းပညာရေး အောင်မြင်မှု တိုက်ရိုက် ဆက်နွယ်နေသော အချက်များကို မငြင်းပယ်လိုပါ။ သို့ရာတွင် မိဘများ၏ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆောင်ရွက်မှုမှာ ဤဆက်နွယ်နေမှုတွင် ကြားခံသော့ချက်ပင်တည်း။ တနည်းဆိုရသော် ကလေးများ၏ ဆင်းရဲ၊ ချမ်းသာ နောက်ခံ အကြောင်းတရားများမှာ များစွာ အရေးမကြီးလှ ခြင်းပင်ဖြစ်သည်။ အရေးပါသည့် အချက်မှာကား သားသမီးငယ်များ၏ ကျောင်း ပညာရေးတွင် မိဘများ ကိုယ်တိုင် ကိုယ်ကျ အနှစ်သာရ ရှိရှိ၊ ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်မှုရှိခြင်း၊ တက်ကြွစွာ လုပ်ကိုင် ဆောင်ရွက်ပေးခြင်း၊ မိဘများ၏ ပါဝင်မှုမှာ ထင်သာမြင်သာ ရှိခြင်းတို့ပင်ဖြစ်သည်။ အထက်တွင် မေးထားသည့် မေးခွန်း၏ အဖြေလည်းဖြစ်သည်။ ဆင်းရဲသောမိဘများ၏ ကလေးငယ်များမှာ ကျောင်းပညာရေးတွင် အောင်မြင်မှု ရရှိနိုင်ခြင်းနှင့် မိဘချမ်းသာ ကြွယ်ဝသော်ငြားလည်း သားသမီးတို့မှာ ကျောင်းပညာရေးတွင် အောင်မြင်မှု မရရှိကြသူတို့အကြား ခြားနားချက်ကို ရှင်းပြနိုင်ခြင်းဖြစ်သည်။ မြန်မာစကားပုံတွင် အထင်ကရဖြစ်သော “လက်ဦးဆရာ၊ မည်ထိုက်စွာသည်၊ ပုဗ္ဗာစရိယ မိနှင့်ဖ” ဟူသည်မှာ မိဘများ၏ တာဝန် ၀တ္တရားကိုလည်း ဖော်ကျူးထားခြင်းပင်။ စံနမူနာယူစရာ နိုင်ငံတကာတွင် အောင်မြင်မှု ရရှိနေသော ဦးနှောက်ခွဲစိတ်ကု သမားတော်၊ စာရေးဆရာ၊ စိတ်ခွန်အား တက်ကြွဖွယ်ဟောပြောသူ ဒေါက်တာ ဘန်ကာဆန်သည် အသက် ၃၃ နှစ် အရွယ်တွင် ဂျွန်ဟော့ကင်း ဆေးရုံကြီး (အမေရိကန်နိုင်ငံ နှစ်စဉ် အကောင်းဆုံး ဆေးရုံဆု ၁၈ ခု ရရှိပြီး) ၏ ကလေးသူငယ် ဦးနှောက်ခွဲစိတ်ကု သမားတော်အလုပ်ကို ရရှိသည်အထိ အောင်မြင်မှုနှင့် ပတ်သက်၍ တစ်ဦးတည်းသော မိခင်ဖြစ်သူကြောင့် ဖြစ်ကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့လေသည်။ ရင်ချင်းဆက်အမွှာကို ခွဲစိတ်ကုသသူ၊ မကြာမကြာ သတိလစ် “တက်” တက်သူ လူနာများကို ကူညီပေးရန်အတွက် ဦးနှောက် တစ်ခြမ်းကို ခွဲစိတ်ထုတ်ပယ်သည့် radical hemispherectomies သမားတော်တစ်ဦးဖြစ်သည်။ ဒေါက်တာဘန်ကာဆန်မှာ ဆင်းရဲနွမ်းပါးပြီး မိဘများမှာ လင်မယား ကွာရှင်းပြတ်စဲထားသူများဖြစ်လေသည်။ မိသားစု ဖရိုဖရဲဖြစ်ခြင်းကို ငယ်စဉ်ကပင် ကြုံတွေ့ခံစားရလေသည်။ မိခင် ဖြစ်သူသည် သုံးတန်း အဆင့်သာ ကျောင်းနေဘူးပြီး စာပေ မတတ်သူဖြစ်ရကား မိသားစုကို အလုပ် ၃-၄ မျိုး တပြိုင်တည်းလုပ်ကာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရှာဖွေ ကျွေးမွေးခဲ့ရသည်။ သား ၂ ယောက်လူလားမြောက်လာစေရန် ပြုစုပျိုးထောင်ပေးခဲ့ရာတွင် ဒေါက်တာ ဘန်ကာဆန်နှင့် သူ၏ ညီဖြစ်သူတို့ကို တီဗွီတစ်ချိန်လုံးကြည့်နေသည်ထက် စာပိုမိုဖတ်ရှုလေ့လာရန် ကြပ်မတ် လမ်းညွှန် ခဲ့သည်။ ရက်သတ္တ တစ်ပတ်တွင် ရုပ်မြင်သံကြားအစီအစဉ် ၂ခု၊ ၃ ခုကိုသာ ကြည့်ရှုခွင့်ပြုလေသည်။ နေ့နေ့ ညည ကျန်သော အချိန်အများစုကိုကား စာပေ ဖတ်ရှုခြင်း၊ လေ့လာခြင်းတို့ဖြင့် ကုန်လွန်စေရသည်။ အမိဖြစ်သူသည် သား ၂ ဦးတို့၏ ပညာရေးတွင် နိုးကြားတက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့၏။ ကျောင်း ပညာရေး၏ တန်ဖိုးကို အစဉ်ပင် သတိပေးလေ့ရှိပြီး မဖြစ်နိုင်သောအရာ ဟူသည်မရှိဟုလည်း စိတ်ခွန်အား တတ်ကြွဖွယ်ရာ ပြောဆိုဆုံးမတတ်သည်။ မြန်မာနိုင်ငံတွင် အထင်ကရ တစ်ဦးဖြစ်သူ တက္ကသိုလ် ကောလိပ်ကျောင်းအုပ်ကြီး၊ စာပေ ပညာရှင် ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်မှာ ဆင်းရဲသော မိသားစု၏ စာတော်သော ကျောင်းသား ဖြစ်ခဲ့ကြောင်းကိုလည်း ရေးသား ဆွေးနွေးခဲ့ဖူးပါသည်။ နွေးထွေးသော ကရုနာရှင် အမေ ဆရာဆရာမများအနေဖြင့် မိဘများနှင့် မည်သည့်အချိန်တွင် တွေ့ဆုံတတ်ပါနည်း။ များသောအားဖြင့် မြန်မာစာသင်ကျောင်းများတွင် ကျောင်းသားမိဘနှင့် တွေ့ဆုံမှုမှာ ပြဿနာဖြစ်သည့် အခါတွင်သာ ဖြစ်လေသည်။ ကျောင်းသားများ ဆိုးသွမ်းသည့်အခါ၊ ကျောင်း စာမေးပွဲ ကျရှုံးသောအခါ၊ ခိုက်ရန် ဖြစ်ပွားသည့် အခါတို့တွင်သာ ထိုကျောင်းသားတို့၏ မိဘများနှင့် တွေ့ဆုံ လေသည်။ “မိဘ၊ ဆရာ ပူးပေါင်း ကလေး ပညာကောင်း” ဟူသော ပညာရေး စကားပုံရှိသော်ငြားလည်း ကလေးငယ်တစ်ဦးချင်း မိဘများအနေဖြင့်မူ ကျောင်းအုပ်၊ အတန်းပိုင်၊ ဘာသာရပ်ပြဆရာဆရာမများနှင့် တွေ့ဆုံ ဆွေးနွေးခွင့်မှာမူ များစွာမရှိသေးကြောင်း လေ့လာတွေ့ရှိ ရပြန်သည်။ စာသင်ကျောင်း၏ တစ်နှစ်တာ ပညာရေးပြက္ခဒိန်တွင် ထည့်သွင်း မထားရှိကြသေး။ အခြားသောနိုင်ငံများ၏ ပညာရေးသုတေသန လေ့လာတွေ့ရှိမှုများအရ မိခင်၊ ဖခင် တစ်ဦးဦးမှ ကလေး၏ ပညာရည်တိုးတက်မှုကို ကျောင်းဆရာဆရာမများနှင့် လာရောက် ဆွေးနွေးသည့် အခါဝယ် ကျောင်းသား အနေဖြင့် အပြုအမူ၊ စိတ်ပါဝင်စားမှုနှင့် သင်ယူ လေ့လာရာတွင် ပိုမို ကောင်းမွန်တိုးတက်မှုရှိခြင်းပင်ဖြစ်ပါသည်။ မိဘမှ ကျောင်းသို့ လာရောက်သည့်အတွက် ကြောက်ရွံ့ ထိတ်လန့်ပြီး ပြောင်းလဲလာခြင်းဟူ၍ ရှုမြင်နိုင်သည်။ ဤသို့ကား မဟုတ်ရပါလေ။ အကောင်းမြင် သဘောထားအနေဖြင့်သာ ရှုမြင်အပ်သည်။ မိဘနှင့် ကျောင်းသား နှစ်ဦးနှစ်ဝအတွက် ပညာရေးအမြစ်ကို ခိုင်မာစေခြင်းပင်။ သူတို့၏ ကျောင်းစာနှင့် ကျောင်း ပညာရေးတွင် မိဘများ၏ ပါဝင်ပတ်သက်မှု၊ စိတ်ဝင်စားမှု၊ အခြား ကျောင်းသားများနှင့် ဆက်ဆံရေး၊ ဆရာဆရာမများနှင့် ဆက်ဆံရေးတို့ကို သားသမီးများနှင့် ဆွေးနွေး ပြောဆိုမှုတို့သည် ကျောင်းသူကျောင်းသားများမှ ပညာရေးကို အမှန်တကယ် စိတ်ပါဝင်စားမှု ဖြစ်ပေါ် စေပါသည်။ စိတ်အား တက်ကြွဖွယ်ရာလည်း ဖြစ်ပြီး ပညာရေး စိတ်ခွန်အား ရရှိစေကာ ဖြစ်နိုင်စွမ်းရှိသည့် လိုလားအပ်သော ကျောင်း ပညာရေး ရည်မှန်းချက်များ ခပ်မြင့်မြင့် ထားရှိကြပါသည်။ လက်ရှိကျောင်းပညာရေးအခြေအနေ၊ သူငယ်ချင်းများအကြောင်း၊ သူတို့စိတ်ပါဝင်စားသည့် ဘာသာရပ်များ၊ အကြောင်းအရာများ၊ မျှော်မှန်းချက်များ၊ အနာဂတ်အကြောင်း စသည်တို့ကို ကလေးများနှင့် ဆွေးနွေး ပြောဆိုခြင်းသည် သင်ယူလေ့လာမှုကို တိုးတက် စေရန် များစွာ အထောက်အပံ့ ဖြစ်စေပြီး ကျောင်းပညာရေးတွင် အောင်မြင်မှု ရရှိရန်အတွက်လည်း မျှော်လင့်နိုင် ပါသည်။ အနှစ်သာရ အားဖြင့် မိဘများ၏ ပါဝင်ဆောင်ရွက်မှု၊ ကလေးပညာရေးအတွက် နိုးကြားတက်ကြွမှုတို့ကို ကျောင်းသူကျောင်းသားများမှ များစွာ တန်ဖိုးထားရှိကြောင်းပင်ဖြစ်ပါ၏။ ကျောင်းများအနေဖြင့် နှစ်ဝက်တိုင်းတွင် မိဘတိုင်းနှင့် အတန်းပိုင်၊ ဘာသာရပ်ပြဆရာတို့ တွေ့ဆုံ ဆွေးနွေးခြင်း အစီအစဉ်ကို ရေးဆွဲ ထားသင့်သည်။ ငါးမိနစ်၊ ဆယ်မိနစ်ခန့် တွေ့ဆုံခြင်းမှာ ပညာရေး အကျိုးကျေးဇူး များစွာရှိပါသည်။ ပညာရည်တိုးတက်မှု မှတ်တမ်း ပေးပို့ပြီးသည့်အခါများတွင် ကလေးတိုင်း၏ မိဘတိုင်းနှင့် တွေ့ဆုံခြင်းအစီအစဉ်ပင်ဖြစ်၏။ ဆိုးသော၊ တော်သော၊ ညံ့သော ကလေး ဟူ၍လည်း ခွဲခြား ထားမှုမရှိဘဲ မိဘအားလုံးနှင့် အလှည့်ကျ တွေ့ဆုံခြင်းဖြစ်သည်။ ထို့အပြင် အခါအားလျော်စွာ လိုအပ်ချက် များအရလည်း တွေ့ဆုံသင့်ပါသည်။ အနည်းဆုံးအားဖြင့် မိဘတိုင်းသည် ကလေးများနှင့် ကျောင်းပညာရေး ဆိုင်ရာတို့ကို ပြောဆို ဆွေးနွေးနိုင်သည် မဟုတ်ပါလား။ ကလေးများ၏ ပညာရေး အောင်မြင်မှုမှာ ကျောင်းဆရာဆရာမများသာလျှင် တာဝန်ရှိသည် မဟုတ်ပါ။ ဆရာဆရာမများနည်းတူ ကလေးများ၊ မိဘများ၊ ရပ်ရွာလူ့အဖွဲ့အစည်းနှင့် အစိုးရ အဆင့်ဆင့် တွင်လည်း အညီအမျှ တာဝန်ကြီးကြီးရှိပါကြောင်း။

ဖင်လန်နိုင်ငံအဘယ်ကြောင့် ပညာရေးတွင်ထိပ်တန်း ဖြစ်ရသနည်း


ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခတိုနီဝဂ္ဂနာက ဖင်လန်နိုင်ငံသည်ပညာရေးတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်လာရခြင်းအား စာမေးပွဲကိုအလေးမထားမှုကြောင့်ဟု တိုတိုတုတ်တုတ်မှတ်ချက်ပြုသွား သည်။ ဖင်လန်နိုင်ငံသည် အဘယ်ကြောင့်ကမ္ဘာအံ့ဖွယ် ပညာရေးစနစ်ဖြင့် အောင်မြင်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ရသနည်း။စက်မှုလက်မှုနိုင်ငံ တစ်နိုင်ငံသည် ပညာရေးတွင် အအောင်မြင်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ရသည်။အစဉ်အလာ ပညာရေးကစာမေးပွဲစနစ်ဖြင့်အဆုံးသတ်သည်။စစ်ဆေးခြင်းသည်ကလေးတစ်ယောက်ဘ၀အတွက်အဖြေဖြစ်နေသည်။ထိုအနေအထားကိုဖင်လန်ပညာရေးက တော်လှန်ပြီး ပြုပြင်ပြောင်းလဲနိုင်သောကြောင့် အောင်မြင်ခဲ့လေသလား ဆန်းစစ်ရန်လိုပါသည်။ ဤအဖြေကိုပါမောက္ခဝဂ္ဂနာနှင့် ဒေးဗစ်ဆီရိုတာတို့၏အင်တာဗျူးကအဖြေပေးနိုင်လိမ့်မည်ထင်သည်။

Q : ဖင်လန်နိုင်ငံဘာကြောင့် အောင်မြင်ရတာလဲ။ပညာရေးမှာ နောက်ခံတွေကောင်းလို့လား၊စနစ်တွေကောင်းလို့လား။ဒီကနေစပြီးဆရာ့ကို ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။ A : ၁၉၇၀အစောပိုင်းလောက်တုန်းကဖင်လန်နိုင်ငံရဲ့ပညာရေးကအဲဒီလောက်မဟုတ်သေးဘူး။လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့စီးပွားရေးစနစ်ဖြစ်နေလို့ဆင်းရဲသေးတယ်လို့ ပြောနိုင်တယ်။တကယ်တော့ သူတို့အလျှင်အမြန်ပြုပြင်ပြောင်းလဲ ခဲ့ကြတာ။ပညာရေးစနစ်ကို ပြန်ပြီးတော့အားသစ်တွေလောင်းတယ်။ ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်တယ်။သူတို့ကစီးပွားရေးကိုတောင်အသိပညာကိုအခြေခံသည့်စီးပွားရေးစနစ်ဆိုပြီးလုပ်ကြတာ။ ဒီလိုနဲ့၁၉၇၀ လောက်ရောက်တော့ ပြုပြင်ပြောင်းလဲမှုကို လုပ်တော့မယ်ဆိုပြီး အနာဂတ်အတွက် ဆရာလောင်းတွေကို စိတ်ကြိုက်ရွေးချယ်ကြတယ်။ ပညာရေးကို ပြုပြင်ပြောင်းလဲတော့မယ်ဆိုပြီး လုပ်သင့်လုပ်ထိုက်တာကို ပထမဦးစားပေးအနေနဲ့လုပ်ကြတာပါ။ဆရာတွေထဲက ရွေးချယ်ရာမှာပရိုဆန်ဆန်တကယ်တော်တဲ့သူတွေကိုပဲ ရွေးကြတယ်။ဆရာတိုင်းကိုသာမန်ဘွဲ့လောက်ထက်မာစတာဘွဲ့ရဆိုတာမျိုးဖြစ်ရမယ်ဆိုပြီး ရွေးကြတာ။ဒါကြောင့်ဆရာဖြစ်ချင်တယ်ဆိုတဲ့သူတွေကိုသာမန်ဘွဲ့လောက်နဲ့မဖြစ်ဘူးဆိုပြီးအရည်အသွေးကို မြှင့်တင်လိုက်တာဟာ အောင်မြင်ရတဲ့ပထမအကြောင်းတရားဖြစ်မယ်။ ဆရာ့အလုပ်ဆိုတာ လေးစားလောက်တဲ့အလုပ်ဆိုတာထက်ပညာအရည်အချင်းနဲ့လည်းကန့်သတ်ပိုင်းဖြတ်ပြီး မြှင့်ယူခဲ့ကြတယ်။အဲဒီလို လေးစားဂုဏ်ယူစရာအကောင်းဆုံးအမြင့်မားဆုံးအလုပ်ဖြစ်အောင် လစာတွေကအစ အမြင့်ဆုံးဖြစ်အောင်လုပ်ပေးခဲ့တယ်။ဆရာအလုပ်လာလျှောက်တဲ့၁၀ ယောက်မှာ ၁ ယောက် လောက်ပဲ စာသင်ခန်းထဲ ဝင်ခွင့်ရတဲ့အထိအလုပ်ကိုကန့်သတ်ပစ်လိုက်တယ်။ဒါကြောင့်လည်းနိုင်ငံတကာကPISAလို့ခေါ်နေတဲ့ပညာရည်အဆင့်ကိုသူတို့ ကောင်းကောင်း ကျော်ဖြတ်နိုင်ခဲ့ကြတာပေါ့။အနောက်နိုင်ငံတွေထက်သူတို့သာသွားတာအဲဒီအချက်ကြောင့်ပဲ။အာရှသားတွေပညာတော်တယ်ဆိုတဲ့အဆင့်အထိသူတို့ကလိုက်ပြီးခြိမ်းခြောက်နိုင်ခဲ့တယ်။ဒီလိုနဲ့ ကမ္ဘာ့အဆင့်မှာပါ ပညာရေးထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ရတော့တာပဲ။ Q : ဆရာတွေကိုပဲအခြေခံထားပြီး ပြုပြင်လိုက်တယ်။နိုင်ငံအတွင်းမှာစာမေးပွဲစနစ်ကိုရောမလုပ်ကြဘူးလား။PISAဆိုတာ ကနိုင်ငံတကာစာမေးပွဲတစ်ခုမဟုတ်လား။ A : ဟုတ်တာပေါ့။သူတို့နိုင်ငံတွင်းမှာစာမေးပွဲဆိုတာမလုပ်ဘူး။စစ်ဆေးတဲ့ပုံစံ လုပ်တယ်ဆိုပေမယ့် ကလေးတွေကိုအကဲဖြတ်ဖို့စစ်တာလောက်ပဲရှိတယ်။သူများတွေစစ်သလိုစာမေးပွဲပုံစံကြီးနဲ့စစ်တာမျိုးမရှိဘူး။တစ်ဦးနဲ့တစ်ဦးပြိုင်ဖို့ဆိုတဲ့သဘောမျိုးတွေနဲ့စစ်ဆေးတာမျိုးတွေမဟုတ်ဘူး။စာမေးပွဲမရှိတော့သူတို့ကိုဘာနဲ့မက်လုံး ပေးရသလဲဆိုရင်ကိုယ့်အလုပ်မှာကိုယ်တတ်ကျွမ်းမှု၊နားလည်မှုဆိုတာတွေနဲ့တိုင်းတာမှုတွေလုပ်ရတယ်။သူတို့ကိုပိုင်းဖြတ်တဲ့ဆရာတွေအပေါ်မှာသူတို့လုံးဝယုံကြည်အားထားနိုင်တယ်။သူတို့ဆောင်ပုဒ်က “ကိုယ့်ကျွမ်းကျင်မှုကိုယုံကြည်ပါ”ပဲ။ဒါကြောင့်လည်း သူတို့ဖင်လန်မှာ အမြင့်ဆုံးနဲ့အနိမ့်ဆုံး ကျောင်းကွာခြားချက်က၄ရာခိုင်နှုန်းလောက်ပဲရှိတယ်။ Q : ဖင်လန်မှာလုပ်နေတဲ့ပညာရေးပြုပြင် ပြောင်းလဲမှုနဲ့ အမေရိကန်မှာလုပ်နေတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုက လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်။သူတို့နဲ့ယှဉ်လိုက်ရင်အမေရိကန်ကဆရာတွေကမကောင်းဆိုးဝါးတွေလိုဖြစ်မနေဘူးလား။ပြီးတော့ကျွန်တော်တို့ပညာရေးကကလေးတွေကိုစာမေးပွဲနဲ့ဖိထားတာလေ။ဒီနှစ်နိုင်ငံရဲ့ သဘောထားတွေက ဘာကြောင့်များ အဲဒီလောက်ကွာခြားနေရတာလဲဆရာ။ A : ပထမဦးဆုံး အဓိကကျတဲ့အချက်က ဖင်လန်နိုင်ငံဟာပညာရေးမှာသာမဟုတ်ဘူး တီထွင်ကြံဆမှုမှာလည်း ထိပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေသေးတယ်။သူတို့မှာစွန့်ဦးတီထွင်နိုင်အားတွေအရမ်းကောင်းကြတယ်။ခင်ဗျားတို့ အဘိုးတို့ခေတ်လောက်ကဆိုရှယ်လစ်စကားမျိုးတွေသူတို့ပြောကြတာမဟုတ်ဘူး။ အမေရိကန်မှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတယ်ဆိုတာကစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အဓိက မောင်းနေကြတာ။Xerox ကုမ္ပဏီက ဒေးဗစ်ကီရန်နဲ့ IBM ကုမ္ပဏီကလူးဂါ့စ်နာတို့ကပညာရေးဆိုင်ရာညီလာခံကြီးတစ်ခုကိုလုပ်တယ်လို့ကြားတယ်။ဒါပေမယ့်သူတို့ဘယ်ပညာရေးသမားတွေကိုမှမဖိတ်ကြဘူး။သူတို့ဖိတ်တာကCEO တွေ၊အစိုးရအဖွဲ့ဝင်တွေ၊လွှတ်တော် အမတ်တွေလောက်ပဲဖိတ်ပြီး ဆွေးနွေးကြတာ။ ကျွန်တော်နားလည်ထားတာကလုပ်ငန်းတွေမှာကျွမ်းကျင်တဲ့သူတွေလိုတာပဲဗျ။ဘ၀အာမခံချက်ပေးနိုင်တဲ့ ပညာရေးလို့ဘယ်လောက်ပဲအော်အော်ပညာရေးစနစ်အပေါ်အယုံအကြည်မရှိရင်လည်း အောင်မြင်မှာမဟုတ်ဘူး။ဖင်လန်နဲ့ဘာကွာခြားသလဲဆိုတော့အဲဒီမှာကနှစ်ပါတီစနစ်ပဲရှိပေမယ့်အဲဒီနှစ်ပါတီစလုံးကနှစ်ပေါင်း၃၀ ကျော်လောက်ပညာရေးကိုအလေးထားလုပ်ရကောင်းမှန်းသိတယ်။ဆရာတွေကိုတကယ့်အရည်အသွေး မြှင့်တင်ပေးရ ကောင်းမှန်းသိတယ်။သူတို့ကလုပ်ငန်းတွေနဲ့ပညာရေးကိုလည်းပူးပေါင်းဆက်စပ်ထားတယ်။ ပေါ်လစီရေးဆွဲသူတွေ ပညာရေးဘက်ကပညာရှင်တွေ ပေါင်းစည်းညီညွတ်ကြတယ်။ကျွန်တော်တို့အမေရိကန်မှာလိုအပ်နေတာအဲဒါပဲဗျ။ Q : အမေရိကန်ပညာရေးနဲ့ဖင်လန်ပညာရေးကိုနှိုင်းယှဉ်ရတာမျှတနိုင်ပါ့မလားဆရာ။ဖင်လန်နိုင်ငံက လူမျိုးတစ်စုတည်းလိုလိုပဲ ရှိတာ။အမေရိကန်မှာကလူမျိုးကွဲတွေဒီလောက်များနေတာ။ A : ဖင်လန်နိုင်ငံမှာကလူတွေထင်ထားတာထက်ပိုပြီးတော့တောင်ကွဲပြားမှုတွေရှိနေပါတယ်။လူဦးရေရဲ့ ၅၀ရာခိုင်နှုန်းလောက်ကဒုတိယဘာသာစကားကိုပြောကြတယ်။ဟယ်ဆင်ကီဘာသာစကားပြောတဲ့ ကျောင်းပေါင်း ၄၅ရာခိုင်နှုန်းလောက်ရှိတယ်။ဖင်လန်ကို အမေရိကန်နဲ့ မနှိုင်းယှဉ်နိုင်ဘူးဆိုပေမယ့် သူတို့မှာလည်း အဲဒီကွဲပြားမှုတွေက အရမ်းကြီးမားတယ်။ဖင်လန်နိုင်ငံရဲ့အရွယ်အစားနဲ့လူဦးရေကကျွန်တော်တို့ ပြည်နယ်တစ်ပြည်နယ်စာ လောက်ပဲရှိတယ်။ဖင်လန်ကိုကျွန်တော်တို့တိုင်းပြည်ကမင်နီဆိုးတားပြည်နယ်လောက်နဲ့ပဲနှိုင်းယှဉ်ကြည့်ရအောင်။ ဒေသကလည်း အတော်လေးတူတယ်။ဒါပေမယ့်နိုင်ငံတကာနဲ့ယှဉ်လိုက်ရင်သူတို့ကဘာကြောင့်မြင့်တက်သွားရသလဲ။ကျွန်တော်တို့မှာ သူတို့ဆီကနေ လေ့လာသင်ယူစရာတွေအများကြီးပဲ။ Q : စီးပွားရေးအရဆိုရင်ရောဘယ်လိုပြောမလဲဆရာ။နယူးယော့ခ်တက္ကသိုလ်ပါမောက္ခဒိုင်ရင်းရာဗစ်ခ်ျက ပြောဖူးတယ်။ပညာရေးတစ်ခုတည်းနဲ့တော့ဒီတိုင်းပြည်ရဲ့ဆင်းရဲမွဲတေမှုကိုမဖြေရှင်းနိုင်ဘူးဆိုတာပေါ့။ဆင်းရဲခြင်းကိုဖြစ်စေတဲ့ အကြောင်းတရားတွေအများကြီးတော့ရှိတာပေါ့။ဖင်လန်နိုင်ငံမှာက စီးပွားရေးအရ ဆင်းရဲချမ်းသာကွာဟချက် အရမ်းနည်းတယ်လို့သိရပါတယ်။အဲဒီလိုဆင်းရဲမွဲတေမှုနည်းပါး ခြင်းကလည်းပညာရေးမှာ အောင်မြင်ရတဲ့ အကြောင်းအချက်တစ်ခုဖြစ်မနေဘူးလားဆရာ။ A : အဲဒီအတွက်အဖြေနှစ်ခုရှိတယ်။ပထမကတော့လူမျိုးရေးနဲ့လူတန်းစားကွာဟမှုကိုအရင်ပြောရမယ်။ စာမေးပွဲ စစ်ဆေးရင်ဆင်းရဲတဲ့သူတွေရဲ့ရမှတ်တွေကရောဆင်းရဲလို့နည်းမယ်ထင်သလား။ဒါကြောင့် လူတန်းစား ကွာခြားလို့ လူမျိုးရေးကွဲပြားလို့ရမှတ်တွေကွာခြားရမယ်ဆိုတာမျိုးတော့မရှိပါဘူး။ဒီတိုင်းပြည်မှာက စီးပွားရေးကွာဟချက်တွေ များတယ်ဆိုတာမှန်ပါတယ်။ဒါတွေလျှောက်ပြောရရင်တော့ပိုပြီး ဝေးလိမ့်မယ်ထင်တယ်။ တစ်ခုတော့ရှိတယ်။ချမ်းသာတဲ့ရပ်ကွက်ကအကောင်းဆုံးကျောင်းတွေနဲ့၊ပုဂ္ဂလိကကျောင်းတွေ ယှဉ်ရင်တော့ ကွာကောင်းကွာမယ်။ ဒါပေမယ့်ဆရာရဲ့သင်ကြားနိုင်စွမ်းနဲ့ရလဒ်တွေကိုလည်း ပြန်သုံးသပ်ရမယ်။ကျွန်တော်တို့မှာက စာမေးပွဲနဲ့တိုင်းတာနေတော့ဉာဏ်ကောင်းရင်အမှတ်ကောင်းကောင်းရမယ်။ အောင်မယ်ပေါ့။ဒါပေမယ့်သူတို့မှာ ကျွမ်းကျင်မှုတော့မရှိနိုင်ဘူး။ကမ္ဘာ့အဆင့်ကိုမီချင်ရင်စာကျက်ပြီးမှတ်မိတာလောက်နဲ့ ပြန်ဖြေတာမျိုးမလုံလောက်တော့ဘူး။ဖင်လန်သား တွေလုပ်နေသလိုပညာအခြေခံစီးပွားရေးကိုကမ္ဘာ့အဆင့်အထိ မြှင့်တင်နိုင်အောင်လုပ်မှဖြစ်လိမ့်မယ်။ ဖင်လန်ဘာကြောင့်ပညာရေးမှာတိုးတက်သလဲဆိုရင်သင်ကြားရေးကိုအရမ်းထူးချွန်အောင်လုပ်ကြတယ်။သူတို့သင်ကြားတဲ့ ပုံစံက ကြောင်းကျိုးဆင်ခြင်တဲ့သင်ကြားနည်းမျိုးမဟုတ်တော့ဘူး။သင်ကြားနည်းမှာသူတို့အတွက်စံတစ်ခုသီးခြားရှိနေတယ်။ ဒုတိယအချက်ကသင်ယူမှုမှာသူတို့ကအရေးအကြီးဆုံးကဘာလဲလို့အမြဲဆန်းစစ်တယ်။သူတို့သင်ကြားမှု-သင်ယူမှုဖြစ်စဉ်မှာ ပြဋ္ဌာန်းစာအုပ်ကိုအလွတ်ကျက်မှတ်ရတာမျိုးတွေလုံးဝမရှိတော့ဘူး။သူတို့ကကြက်တူရွေးလိုအလွတ်ရွတ်ပညာရေးထက် တွေးခေါ်စဉ်းစားနိုင်တဲ့ပညာရေးကိုဦးစားပေးလာကြတယ်။ ပြဋ္ဌာန်းစာအုပ်ဆိုတာအလွတ်ကျက်ဖို့မဟုတ်ဘူး၊စဉ်းစားတွေးတောဖို့ အခြေခံလို့သဘောထားလာကြတယ်။ကျွန်တော်တို့အချမ်းသာဆုံးကျောင်းတွေတောင်မှ ကမ္ဘာ့အဆင့်မီလို့သာပြောနေတယ်အဲဒီလိုမလုပ်နိုင်သေးဘူး။ Q : ဒါဆိုရင်ဆရာရယ်ဖင်လန်ကိုမီဖို့ဆိုတာပညာရေးကိုဖင်လန်လိုလိုက်လုပ်လိုက်တာနဲ့ ပြောင်းလဲတိုးတက်မှုတွေ မဖြစ်နိုင်ဘူးလား။စီးပွားရေးကွာဟချက်တွေ၊မညီမျှမှုတွေ မေ့ထားလိုက်ပြီးသူတို့လိုပုံတူကူးတာမျိုးပေါ့။ A : စီးပွားရေးကွာခြားတယ်ပြောရအောင် ဖင်လန်မှာလည်းဆင်းရဲတဲ့ကျောင်းတွေရှိတာပဲဗျ။သူတို့ကဆင်းရဲတာကိုမပြောဘူး။သင်ကြားမှုသင်ယူမှုမှာဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုတာကိုပဲဂုဏ်ယူပြောကြတယ်။ကျွန်တော်တို့တိုင်းပြည်မှာလည်း လူမည်းရပ်ကွက်ကဆင်းရဲတဲ့ကျောင်းတွေရှိတာပဲ။သူတို့အထက်တန်းအောင်ပြီး ကောလိပ်ကိုသွားရင် အောင်မြင်ကြတာပဲဗျ။လူဖြူတွေထက်တောင် အောင်မြင်သေးတယ်။ဒီတော့ဆင်းရဲတာ၊စီးပွားရေးကွာဟတာတွေနဲ့သိပ်မဆိုင်တော့ဘူး။သင်ကြားရေးပဲ အရေးကြီးတယ်။လူမျိုးကွဲပြားတာလူတန်းစားကွဲပြားတာရှိကောင်းရှိမယ်။ဒါ တွေကို အကြောင်းပြပြီးတော့ ပညာရေးမှာ ကွဲပြားခြားနားနိုင်တယ်လို့ပြောတာတော့မမှန်နိုင်ပါဘူး။ Q : ဖင်လန်သားတွေပညာရေးကို မြှင့်တင်ရာမှာဆရာတွေရဲ့အခန်းကဏ္ဍကိုဦးစွာမြှင့်တင်ခဲ့တယ်လို့သိရပါတယ်။သူတို့ကဆရာအလုပ်ကို လေးစားဂုဏ်ယူဖွယ်အလုပ်တစ်ခုလိုတန်ဖိုးထားပြီး မြှင့်တင်ခဲ့ကြတာပါ။ကျွန်တော်တို့ အမေရိကန်မှာကတော့ဆရာဆိုတာအမျိုးမျိုးအပုပ်ချပြီးလက်ညှိုးထိုးစရာတစ်ခုအနေနဲ့သဘောထားကြတာ။အဲဒီအပေါ်မှာရော ဆရာ့အနေနဲ့ဘယ်လို မြင်ပါသလဲ။ A : သူတို့ကဆရာကိုသိပ္ပံပညာရှင်တွေလို့ထင်ပြီး၊စာသင်ခန်းကိုဓာတ်ခွဲခန်းလိုသတ်မှတ်ထားကြတာ။ဒါကြောင့်လည်း သူတို့ကဆရာတိုင်းကိုမာစတာဘွဲ့တစ်ခုခုရမှအတန်းကိုအပ်တာ။သူတို့ယုံကြည်ထားတာက မာစတာဒီဂရီတစ်ခုခု ရထားတဲ့သူတွေဟာပညာရေးဆိုင်ရာသဘောတရားကိုပဲသင်သင်၊လက်တွေ့ပဲလုပ်လုပ် ပေါက်ကရလုပ်မယ့်သူတွေလို့ မထင်ကြဘူး။သူတို့ကသင်ကြားမယ့်အကြောင်းအရာတွေကို ကောင်းကောင်းပြင်ဆင်တတ်မယ်၊ဘာသင်ရမယ်ဆိုတာသိတယ်၊ဘယ်လိုသင်ရမယ်ဆိုတာလည်းသိကြတယ်။ဒါကသူတို့ဘာကြောင့်မာစတာဘွဲ့ရတွေကို ရွေးချယ်ရသလဲဆိုတဲ့ပထမအချက်။ ဒုတိယအချက်ကသူတို့ကဆရာအလုပ်ကိုငတ်လို့လုပ်တာဆိုတာထက်တတ်လို့ဝင်လုပ်ကြတာများတယ်။တကယ့်ကိုပရိုတွေဆန်ဆန်ဝင်လုပ်ကြတာ။လုပ်ငန်းလုပ်ဆောင်ရာမှာလည်းပူးပေါင်း ဆောင်ရွက်တဲ့စိတ်ဓာတ်တွေ အပြည့်ရှိကြတယ်။ ကျောင်းချိန်အတွင်းမှာတစ်ဦးကိုတစ်ဦးအပြည့်အကူအညီပေးကြတယ်။သင်ခန်းစာတွေကို ပူးပေါင်းပြင်ဆင်ကြတယ်။အကြံဉာဏ်တွေပေးကြတယ်။အဲဒီလိုတစ်ဦးကိုတစ်ဦး အကြံဉာဏ်ပေးတာကိုလည်း ဆရာလုပ်တယ်လို့မယူဆကြဘူး။သင်ခန်းစာတွေကိုကြိုတင်ပြင်ဆင်တယ်။ကျွန်တော်တို့ ကောင်းတယ်ပြောပြော ဆိုးတယ်ပြောပြောအလယ်ခေတ်ပညာသင်စနစ်လမ်းကြောင်းအတိုင်းပဲသွားနေကြသေးတယ်။ဆရာတစ်ယောက်ဟာ တစ်နေကုန်အလုပ်လုပ်ရတယ်။ နေ့တိုင်းလုပ်ရတယ်။တစ်ဦးတည်းလုပ်နေရင် တီထွင်ဖန်တီးနိုင်စွမ်းတွေ ကျဆင်းတတ်တယ်ဆိုတာ ဖင်လန်သားတွေ ကောင်းကောင်းသိတယ်။ဒါကြောင့်လည်း တစ်ဦးတည်း လုပ်ဆောင်ရတဲ့ အနေအထားတွေကိုသူတို့ ရှောင်ကြတယ်။ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ရလဒ်တွေကိုသူတို့ ကောင်းကောင်းသိအောင် လေ့ကျင့်ထားကြတယ်။ဒါကြောင့်လည်းသူတို့အောင်မြင်ကြတယ်။

မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး


၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊
အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ၊ ကြောက်မက်ဖွယ် အာရုံမျိုးကို။
နေဝ ဒဿန္တိ ၊ မပြနိုင်ကြကုန်။ ယမှိစေ၀ ၊ အကြင်မေတ္တာသုတ် ပရိတ်တော်၌ သာလျှင်။ ရတ္တိန္ဒိဝံ၊ နေ့ည မပျက် အခါခပ်သိမ်း။ အတန္ဒိတော ၊ ပျင်းရိခြင်းမရှိဘဲ။ အနုယုဉ္ဇန္တော ၊ ထပ်တလဲလဲ စွဲမြဲရွတ်ပွား အားထုတ်သူသည်။
၂။သုခံ ၊ ချမ်းချမ်းသာသာ။ သုပတိ ၊ အိပ်စက်ရ၏။ သုတ္တော ၊ အိပ်ပျော်သည်ရှိသော်။ ကိဉ္စိ ၊ တစ်စုံတစ်ခုသော။ ပါပံ စ ၊ အိပ်မက်ဆိုးကိုလည်း။ နပဿတိ ၊ မမြင်မက်ရ။ ဧ၀ါမာဒိဂုဏူပေတံ ၊ ဤသို့အစ ရှိသော
အကျိုးဂုဏ်အင် အာနိသင်နှင့်ပြည့်စုံသော။ တံပရိတ္တံ ၊ ထိုမေတ္တာသုတ် ပရိတ်တော်ကို။ မယံ ၊ ငါတို့သည်။ ဘဏာမ ၊ ရွတ်ကြကုန်စို့။
၃။သန္တံ ၊ ငြိမ်သက်အေးချမ်းသော။ ပဒံ ၊ နိဗ္ဗာန်ကို ။ အဘိသမေစ္စ ၊ အာရုံယူဘိ ထွင်းဖောက် မြင်သိ၍။ (ဝိဟရိတုကာမေန ၊ နေခြင်းငှာ အလိုရှိသော )အတ္ထကုသလေန ၊ အကျင့်အမျိုမျိုးအကျိုးစီးပွား၌ လိမ္မာသူသည်။ ယံ ကရဏီယံ ၊ ပြုကျင့်ရမည့်သိက္ခာ သုံးရပ် အကျင့်မြတ်သည်။ အတ္ထိ ၊ ရှိ၏။ တံ ၊ ထိုသိက္ခာသုံးရပ်အကျင့် မြတ်ကို။ ကရဏီယံ ၊ ပြုကျင့်ထိုက်ပေ၏။ သက္ကော စ ၊ စွမ်းနိုင်သူလည်း။ အဿ ၊ ဖြစ်ရာ၏။ ဥဇူ စ ၊ ဖြောင့်မတ်သူလည်း။ အဿ ၊ ဖြစ်ရာ၏။ သုဟုဇူ စ ၊ အလွန်ဖြောင့်မတ်သူလည်း။ အဿ ၊ ဖြစ်ရာ၏ ။ သုဝစော စ ၊ ဆိုဆုံးမလွယ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ မုဒု စ ၊ နုညံ့ပျော့ပျောင်းသူလည်း။အဿ၊ဖြစ်ရာ၏။အနတိမာနိ စ ၊ မာန်ထောင်လွှားခြင်းမရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏။
၎ ။သန္တုဿကော စ ၊ တင်းတိမ်ရောင့်ရဲလွယ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သုဘရော စ ၊ အမွေးအမြူလွယ် သူလည်း ။ အဿ ၊ ဖြစ်ရာ၏။ အပ္ပကိစ္စော စ ၊ နည်းပါးသောကိစ္စရှိသူလည်း။ အဿ ၊ ဖြစ်ရာ၏။ သလ္လဟုက၀ုတ္တိ စ ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏။ သန္တိန္ဒြိယော စ ၊ ငြိမ်သက်သော ဣနြေ္ဒ ရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ နိပကော စ ၊ ရင့်ကျက်သော ပညာရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
အပ္ပဂဗ္ဘော စ ၊ ကြမ်းတမ်းရိုင်းပြခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ ကုလေသု ၊ အိမ်သူ လူတို့၌ ။ အနနုဂိဒ္ဓေါ စ ၊ တွယ်တာမက်မောခြင်း မရှိသူလည်း။ အဿ ၊ ဖြစ်ရာ၏ ။
၅။ယေန ၊ အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့်။ ဝိညူ ၊ ပညာရှိဖြစ်ကုန်သော။ ပရေ ၊ သူတစ်ပါးတို့သည် ။ ဥပဝဒေယျုံ ၊ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏ ။ ခုဒ္ဒံ ၊ ယုတ်ညံ့သော ။ တံ ၊ ထိုဒုစရိုက်မျိုးကို ။ ကိဉ္စိ ၊ အနည်းငယ်ကလေး အသေးအဖွဲမျှကိုပင် ။ န အာစရေ ၊ မပြုကျင့်ရာ ။ သဗ္ဗသတ္တာ ၊ သတ္တဝါ မှန်သမျှတို့သည် ။ သုခိနော ဝါ ၊ ကိုယ်၏ချမ်းသာခြင်းရှိကုန်သည်လည်းကောင်း ။ ခေမိနော ဝါ ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်လည်းကောင်း။ ဟောန္တု ၊ ဖြစ်ကြပါစေကုန်သတည်း။
၆+၇ ။အနဝသေသာ ၊ ကြွင်းမဲ့ဥဿုံ အလုံးစုန်ကုန်သော ၊ ယေ တသာ ဝါ ၊ အကြင် ထိတ်လန့် တတ်သော ပုထုဇဉ် သေက္ခသည်လည်းကောင်း ။ ယေ ထာဝရာ ဝါ ၊ အကြင်မထိတ်မလန့် တည်တန့်ခိုင်မြဲသော ရဟန္တာ တို့သည်လည်းကောင်း ။ ယေ ဒီဃာ ဝါ ၊ အကြင် ခန္ဓာကိုယ်ရှည်လျှား သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ မဟန္တာ ၀ါ ၊ အကြင်ခန္ဓာကိုယ် ကြီးမားသတ္တဝါ များသည်လည်းကောင်း ။ ယေ မဇ္ဈိမ ဝါ ၊ အကြင်မတိုမရှည် မကြီးမငယ် အရွယ်အလတ်စား သတ္တဝါတို့သည်လည်းကောင်း ။ ယေ ရဿကာ ဝါ ၊ အကြင်ပုကွနိမ့်တို ခန္ဓာကိုယ် ရှိသော သတ္တဝါတို့သည်လည်းကောင်း ။ ယေ အဏုမာ ဝါ ၊ အကြင်သေးငယ်မှုန်မွား သတ္တဝါများ တို့သည်လည်းကောင်း ။
ယေ ထူလာ ဝါ ၊ အကြင်ဝိုင်းစက်ဆူဖြိုး သတ္တဝါမျိုးတို့သည်လည်းကောင်း ။ ယေ ဒိဋ္ဌာ ဝါ ၊ အကြင်မြင်ဘူးသော သတ္တဝါတို့သည်လည်းကောင်း ။ ယေ အဒိဋ္ဌာ ဝါ ၊ အကြင်မမြင်ဘူးသော သတ္တဝါ တို့သည်လည်းကောင်း ။ ယေ ဒူရေ ဝသန္တိ ၊ အကြင်အဝေးအရပ်၌ နေကြကုန်သော သတ္တဝါ တို့သည် လည်းကောင်း ။ ယေ အ၀ိဒူရေ ဝသန္တိ ၊ အကြင်အနီးအရပ်၌ နေကြသောသတ္တဝါ တို့သည်လည်းကောင်း ။ ယေ ဘူတာ ဝါ ၊ အကြင်နောင်မဖြစ်ရ ဖြစ်ပြီးသားဖြစ်ကြသော ရဟန္တာတို့သည်လည်းကောင်း ။ ယေ သမ္ဘဝေသီ ဝါ ၊ နောင်ဖြစ်ရမည့်ဘဝကိုရှာ အကြင်ပုထုဇဉ် သက္ခ သတ္တဝါတို့သည်လည်းကောင်း။ ယေ ကေစိ ၊ အလုံးစုန်ကုန်သော။ ပါဏဘူတာ ၊ သတ္တဝါတို့သည် ။ အတ္ထိ ၊ ရှိကုန်၏။ ဣမေပိသဗ္ဗသတ္တာ ၊ ဤအလုံးစုံကုန်သော သတ္တဝါတို့သည်လည်းကောင်း ။ သုခိတတ္တာ ၊ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး ရှိကြကုန်သည်။ ဘဝန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
၈။ပရော ၊ တစ်ပါးသူတစ်ယောက်သည် ။ ပရံ ၊ သူတစ်ပါးအခြားသူတစ်ယောက်ကို ။ နနိကုဗ္ဗေထ ၊ စဉ်းလဲသမှု လှည့်ပါတ်ခြင်း မပြုပါစေလင့် ။ ကတ္ထစိ ၊ တစ်စုံတစ်ခုသောအရပ်၌ (ဘယ်အရပ်မှာမဆို ) ကိဉ္စိ ၊ တစ်စုံတစ်ယောက်သော ။ နံ ၊ ထိုသူတစ်ပါးကို ။ နာတိမညေထ ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့် ။ ဗျာရောသနာယ ၊ ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါးနှိပ်စက်ခြင်းဖြင့်လည်းကောင်း။ ပဋိဃသညာယ ၊ ဒေါသစိတ်ဖြင့်လည်းကောင်း ။ အညမညဿ ၊ အချင်းချင်း (တစ်ယောက်သည် တစ်ယောက်) ၏ ။ ဒုက္ခံ ၊ ဆင်းရဲခြင်းကို။ နဣစ္ဆေယျ ၊ အလိုမရှိပါစေလင့်။
၉။မာတာ ၊ မွေးသည့်မိခင်ကျေးဇူးရှင်သည်။ နိယံပုတ္တံ ၊ မိမိရင်နှစ်သားရင်းဖြစ်သော။ ဧကပုတ္တံ၊ တစ်ဦးတည်းသောသားကို ။ အာယုသာ ၊ မိမိအသက်ဖြင့်သော်ပင်။ အနုရက္ခေ ယထာ ၊ အစဉ်မကွာကွယ်ကာ စောင့်ရှောက်သကဲ့သို့ ။ ဧ၀မ္ပိ ၊ ဤအတူလည်း။ သဗ္ဗဘူတေသု ၊ အလုံးစုံသောသတ္တ၀ါတို့၌။ အပရိမာဏံ ၊ အတိုင်းအတာပမာဏမရှိသော။ မာနသံ ၊ မေတ္တာစိတ်ကို ပွားများပါလေ။
၁၀။ဥဒ္ဓံ၊ အထက်လောက အရူပဘ၀၌လည်းကောင်း။အဓော ၊အောက်ပြည်လောက ကာမဘ၀၌လည်းကောင်း။တိရိယံ ၊ အလယ်လောက ရူပဘ၀၌လည်းကောင်း။သဗ္ဗလောကသ္မိံအလုံးစုံသောလောက၌။ အပရိမာဏံ ၊ အတိုင်းအတာ ပမာဏမရှိသော ။ မေတ္တံ ၊ မေတ္တာနှင့်ရှင်သော ။ မာနသံ ၊ စိတ်ကို ။ အဝေယံ ၊ ဒေါသဟူဘိအတွင်းရန်လည်းမရှိသည်ကို။ အသပတ္တံ ၊ နှိပ်စက်ရန်မူ အပရန်သူလည်း မရှိသည်ကို ။ (ကတွာ ၊ ပြု ၍ ) ဘာဝယေ ၊ ပွားများရာ၏။
၁၁။တိဋ္ဌံ ၀ါ ၊ ရပ်လျှက်သော်လည်းကောင်း ။ စရံ ၀ါ ၊ သွားလျှက်သော်လည်းကောင်း ။ နိသိန္နော ၀ါ ၊ ထိုင်လျှက်သော်လည်းကောင်း ။ သယာနော ၀ါ ၊ အိပ်လျှက်သော်လည်းကောင်း ။ ယာဝတာ ၊ အကြင်မျှလောက် ။ ၀ိတမိဒ္ဓေါ ၊ ကင်းသောအိပ်ချင်ငိုက်မည်းခြင်းရှိသည် ။ အဿ ၊ ဖြစ်ရာ၏ ။ အထ ၊ ငိုက်မျဉ်းခြင်းကင်း ထိုအချိန်အတွင်း၌ ။ ဧတံ သတိံ ၊ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို ။ အဓိဋ္ဌေယျ ၊ စွဲမြဲမကွာ ဆောက်တည်ရာ၏။
ဣဓ ၊ ဤဘုရားသာသနာတော်၌ ။ ဧတံ ၊ မေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို ။ ဗြဟ္မံ ၊ ထူးမြတ်သော။ ဝိဟာရံ ၊ နေခြင်းမျိုးဟူ၍ ။ အာဟု ၊ မြတ်ဘုရားတို့ဟောကြားတော်မှုကုန်ပြီ။
၁၂။သော၊ ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ။ ဒိဋ္ဌိဉ္စ ၊ အတ္တဒိဋ္ဌိသို့လည်း ။ အနုပဂ္ဂမ္မ ၊ မစွဲမကပ်ရောက်မူ၍ ။ သီလ၀ါ ၊ လောကုတ္တရာသီလရှိသူသည် ။ ဒဿနေန ၊ သောတာပတ္တိမဂ်ဥာဏ်နှင့်။ သမ္မန္နော ၊ ပြည့်စုံသူသည် ။ (သမာနော ၊ ဖြစ်လျှက် ) ကာမေသု ၊ ၀တ္ထုအာရုံကာမဂုဏ်တို့၌ ။ ဂေဓံ ၊ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို ။ ဝိနေယျ ၊ တစ်စမကြွင်း အရှင်းပါယ်ရှားပြီးသော် ။ ဇာတု ၊ စစ်စစ်ဧကန်အမှန်ပင် ။ ပုန ၊ နောက်ထပ်တစ်ဖန် ။ ဂဗ္ဘသေယျံ ၊ ပဋိသန္ဓေနေခြင်းသို့ ။ နဧတိ၊ မရောက်ရတော့ပေ။
(သပြေကန်ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာဘိဝံသ)၏ ပရိတ်ကြီးနိဿယကျမ်းမှကောက်နှုတ်ချက်။)
ရွတ်ဆိုကျိုး။ ။
၁။ချမ်းသာစွာအိပ်စက်ရခြင်း။
၂။ချမ်းသာစွာနိုးရခြင်း။
၃။အိပ်မက်ကောင်းမက်ခြင်း။
၎။လူအများချစ်ခင်ခြင်း။
၅။နတ် ဗြဟ္မာစသော တစ်ခြားသတ္တဝါများကလည်းချစ်ခင်ခြင်း။
၆။နတ်တို့စောင့်ရှောက်ခြင်း။
၇။လက်နက်၊အဆိပ်၊မီး စသည်တို့ကြောင့် မသေခြင်း။
၈။စိတ်တည်ကြည် ငြိမ်သက်ခြင်း။
၉။မျက်နှာ ကြည်လင် ရွှင်ပြခြင်း။
၁၀။မတွေ မဝေပဲ သတိရှိလျက် သေရခြင်း။
၁၁။သေသောအခါ ဗြဟ္မာ ဖြစ်ရခြင်း စတဲ့ အကျိုးတရား(၁၁)ပါးကိုရစေပါတယ်။(အဂုၤတၱရ၊ဧကာဒသက)
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)