Wednesday, 7 October 2015

ဗုဒ္ဓဂယာ






ဗောဓိပင် နှင့် မဟာဗောဓိ စေတီတော်ရှိရာဌာနကို ဗုဒ္ဓဂယာဟုခေါ်၍ မြောက်ဖက် ၆ မိုင်ခန့်ဝေးသော နေရာ၌   ဂယာမြို့ဟုသီးသန့်ရှိ၏..
ဖွား  ပွင့်  ဟော  စံ   ဤလေးတန် မှတ်ရန် သံဝေဇနိယ ..  သံဝေဇနိယ ဆိုတာ ထိန့်လန့်မှုသံဝေဂ ဖြစ်စေနိုင်   ရစေနိုင်တဲ့ နေရာ ပေါ့..  ဘုရားရှင် ပရိနိဗ္ဗာန်စံမည့်နေ့မှာအရှင်အာနန္ဒာက ဘုရားရှင်ကို လျှောက်ပါတယ်…အရင်ကဆိုရင် ၀ါဝင် ၀ါထွက်မှာ ရဟန်းတော်များဘုရားရှင်ဆီကိုဘုရား ဖူးရင်း တရားနာရင်း လာကြလို့ ရဟန်း တော်တွေကို အာပါးတရဖူးမျှော်ရတယ်.. ခုတော့ ဘုရားရှင် ပရိနိဗ္ဗာန်စံသွားရင် ဒီလို ကြည်ညိုဖွယ်ရာကောင်း လှတဲ့ရဟန်းတော်တွေကိုဖူးမျှော်ရတော့မှာမဟုတ်ဘူး လို့လျှောက်တော့ ဘုရားရှင်က ကြည်ညိုဖွယ် ရဟန်းများ  ကိုဖူးမျှော်နိုင်ခွင့်ရနိုင်သော နေရာဌာနများကို သံဝေဇနိယ လေးဌာနဆိုပြီး ဟောကြားခဲ့တာဖြစ်ပါတယ်..
“ အာနန္ဒာ .. ငါဘုရား ပရိနိဗ္ဗာန်စံဝင်သွားသည့်အခါ ရတနာသုံးပါးကိုသက်ဝင် ယုံကြည် ကြည်ညိုကြတဲ့ ဘိက္ခု  ရဟန်း..   ဘိက္ခုနီ ရဟန်းမ..   ဥပါသကာ အမျိုးသား..   ဥပါသိကာ အမျိုးသမီး ..တို့သည် ဤလေးဌာနသို့ လာရောက်ကြလိမ့်မည်.. ယေ ဟိ ကေစိ အာနန္ဒ စေတိယ စာရိကံ အာဟိဏ္ဍန္တာ ပသန္နစိတ္တာ ကာလံ ကရိဿန္တိ သဗ္ဗေ တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇိဿန္တီတိ..(ဒီ၊ ၂၊ ၁၁၆) အကြင်သူတို့သည် စေတီတော်ကို ပူဇော်ခြင်းငှာ လှည့်လည်ကုန်စဉ် ကြည်ညိုသောစိတ်ရှိကုန်သည်ဖြစ်၍ ကွယ်လွန်သွားခဲ့မည်ဆိုလျှင် သုဂတိဘ၀ဖြစ်သော လူ့ပြည် နတ်ပြည်သို့ ရောက်နိုင်ရာ၏ ”   အမှန်တော့ သံဝေဇနိယ လေးဌာနမှ မဟုတ်ပါ..  ဘယ်နေရာ ဘယ်ဒေသ က စေတီတော်ကိုပဲဖြစ်ဖြစ် ဖူးမျှော်ရင်း ဝေယျာဝစ္စပြုရင်း ကြည်ညိုစိတ်(ဗုဒ္ဓါနုဿတိ)  စိတ်ဖြင့် ကွယ်လွန်လျှင် နတ်ပြည် သုဂတိသို့ ရောက်ရမည်မှာ အမှန်မုချပင်ဖြစ်ပါသည်..ဖတ်ခဲ့ဖူးသည်မှာ မင်းကွန်းဆရာတော်ဘုရားက“ဘုန်းကြီးကတော့မဇ္ဈိမဒေသကိုဘုရားဖူးသွားမည့်အစား     ရွှေတိဂုံဘုရားကိုပဲ ၁၀ ပတ် ပတ်ပြီး ပူဇော်မယ်.. ကိုယ့်နိုင်ငံကဘုရားစေတီတွေ မှာ ရွှေတွေကိုဝင်းလို့ .. သူများနိုင်ငံက စေတီတွေက ကိုယ့်နိုင်ငံက စေတီတွေလိုဘယ်ကြည်ညိုစ ရာကောင်းပါ့မလဲ .. ဘာသာခြားတွေဖျက်ဆီးတာမြင်ရပြီး ယောနိသောမနသီကာရမထားနိုင်ရင်အကုသိုလ် ဒေါမနဿ
 တောင်ဖြစ်လာဦးမယ်”  ဟု    မိန့်ကြားတော်မူပါသည်..  မှန်လှစွာ၏.. အိန္ဒိယမှာနေနေသူ အကျွန်ုပ်ကား ဆရာတော်ဘုရား၏ မိန့်တော်မူချက်ကို ဒီမှာ ဘုရားဖူးရင်း ခဏခဏသတိရကာ ယောနိသော ကို အတင်း နင်းကန် ဖြစ်ညှစ် မွေးမြူရပါပေ၏..သာသနာကွယ် ချိန်ရောက်သောအခါ ( သာသနာ၅၀၀၀ ပြည့်သော အခါ) ကမ္ဘာမှာ ရှိသမျှဓာတ်တော်များ သည်  ဗောဓိပင်အောက်၌စုဝေးပြီး ဘုရားရှင်အသွင်ဖြင့် တရားဟောပါမည်.. နတ် ဗြဟ္မာ များသာနာကြား ရမည့်တရားပွဲတည်း..ထိုအချိန် ဤနေရာသို့ လူမရောက်နိုင်တော့..ထို့နောက် တေဇောဓာတ်လောင်မည်..ဓာတုပရိနိဗ္ဗာန်စံဝင်ပါမည်..                                                                                                                         
၁။ပလ္လင်္ကသတ္တာဟ(ပထမ၇ရက်)                                                                                  
ဗောဓိပင်=သစ္စာလေးပါး မြတ်တရားကိုဆရာမကူသယမ္ဘူဥာဏ်ဖြင့်ကိုယ်တော်တိုင်သိရာဌာနဖြစ်ခြင် ကြောင့် 
 ဗောဓိပင်ဟုခေါ်၏..အရှင်အာနန္ဒာ. ဗောဓိပင်.ကာဠုဒါယီအမတ်..ယသောဓရာ. မောင်ဆန် ရွှေအိုးကြီးလေးလုံး
.. ကဏ္ဍကမြင်း  တို့သည် ဖွားဖက်တော်များဖြစ်ကြ၏.. (ဗုဒ္ဓ၀င်အဋ္ဌကထာ အဂုင်္တ္ထိုရ် . ဋ္ဌ . အလိုမူ အရှင် အာနန္ဒာအစား အာရောဟနီယ စီးတော်ဆင်ကို ရေတွက်၏.. ဤကား ဆိုင်ရာ  ကျမ်းစာတို့ကို နှုတ်တက်ဆောင်ခဲ့ကြသော မထေရ်တို့၏အလိုအရ ဖွင့်ဆိုပြခြင်းဖြစ်၍ ကွဲပြားရခြင်းတည်း..    အသောကမင်းလက်ထက် မိဖုရား တိဿရက္ခာ သည် ဗောဓိပင်ကို ခုတ်လှဲခိုင်း၏.. အသောကမင်းသည် နွားနို့ရည်သွန်းလောင်း၍အဓိဋ္ဌာန်ပြုသောကြောင့် ဗောဓိပင်ပြန်လည်ပေါက်လာခဲ့၏..
အသောကမင်းသည်ပရ၀ုဏ်ဝင်းကြီးကို လေးဘက်လေးတန်အုတ်တံတိုင်းခတ်ခဲ့၏..                                                                              သျှီဝဘုရင် ဆာဆင်္ကာသည် ဗောဓိပင်ကို ဖျက်ဆီး၏..  သို့သော် အမြစ်များမှ ပြန်လည်ပေါက်ခဲ့၏..  မဂဓဘုရင်ပူရာဏဘာမန်က စောင့်ရှောက်ထားကာ ဗောဓိပင်ကို ကျောက်လက်ရန်းကာထားလိုက်၏..                          ခရစ်နှစ် 1193.. မတ်လ မှာ မွန်ဂိုစစ်ဗိုလ်ချုပ် မိုဟာမက်ဂိုရီ က စစ်တပ်နှင့်လာပြီး စေတီ.. ဘုန်းကြီးကျောင်း..   ဗောဓိပင်တို့ကိုဖျက်ဆီး၏..                                                                                                        ခရစ်နှစ်၁၂ရာစုအကုန် ၁၃ ရာစုမှာအိန္ဒိယပြည်သည်မွတ်ဆလင်မွန်ဂိုမင်းတို့လက်အောက်သို့ကျရောက်ခဲ့.. ခရစ်နှစ် 1727 မှာ နောက် ဟိန္ဒူဘုန်းကြီးဖြစ်လာမည့် မဟန့်ဂီရိ ၏ ဘိုးဘွားများက မဟာဗောဓိပရ၀ုဏ်နှင့် ဂယာမြို့ကိုအပိုင်စားရခဲ့၏..  ခရစ်နှစ် 1870 မှာ  ကျောက်စာဝန် မစ္စတာ ကန်နင်ဟမ် က မဟာဗောဓိစေတီတော်ကို ပြန်လည်ပြင် ဆင်သည့်အခါ ဗောဓိပင်ကြီးသည် အို၍ပြိုလဲခဲ့၏..  ၄င်းဗောဓိပင်၏မျိုးစေ့ကိုစိုက်ပျိုး၍ ယခုလက်ရှိဗောဓိပင်      ဖြစ်ပေါ်လာခဲ့၏..  ခရစ် 1876 မှာ ဟိန္ဒူဘုန်းကြီး မဟန့် ကစိုက်ပျိုးသည်ဟုလည်းသူတို့သမိုင်းက ဆို၏..
ဤနေရာ၌ ကျွန်ုပ်၏ ယုံကြည်ယူဆချက်ကို ပြောလိုသေး၏.. သင် သိတဲ့အတိုင်း ဗောဓိပင်သည်  B.C  623   က ပေါက်ခဲ့၍ ယခု 2010 ခုနှစ်၌ နှစ်ပေါင်း 2633 နှစ်သက်တမ်းကို ဖြတ်သန်းခဲ့ရပေသည်..  သဘာဝဘေးဒဏ်  ရာသီဥတုဒဏ်တို့အပြင် လိုသူ မလိုသူတွေ၏ လောကဓံတို့ကိုပါ ရင်စည်း ခါးစည်း ခံစားခဲ့ရပေသည်.. အဆက်  ဆက်ပြောင်းခဲ့သော အပင်တို့သည် မူလဗောဓိပင်အစစ်ဟုတ်ချင်လည်းဟုတ်မည်.. မဟုတ်ချင်လည်းမဟုတ်   တော့ပေ..  သို့သော် ကျိန်းသေတာတစ်ခုကတော့ သာသနာကွယ်ချိန်မှာ ဒီနေရာ ဒီဗောဓိပင်အောက်မှာ ဘုရား   ရှင်တရားဟောမှာကား ကျိန်းသေလှစွာ၏..  ထို့ကြောင့် ဒီနေရာမှာ ဗောဓိပင်တစ်ပင်ကတော့ ကျိန်းသေရှိနေဦး မည်သာတည်း.. ထို့ကြောင့် ကျွန်ုပ်သည် ယခုလက်ရှိ ဗောဓိပင်ကို ကြည်ညိုပါ၏ .. ဦးခိုက်ပါ၏ .. ပူဇော်ပါ၏..
ဘုရားလောင်းသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်.. ကဆုန်လပြည့်နေ့ ( B.C  588 .. May ) ညနေချမ်းတွင် ဗောဓိပင်သို့ကြွလာကာ သောတ္ထိယ မြက်ထမ်းသမားလှူလိုက်သော မြက်ရှစ်ဆုပ်ကို
 ဗောဓိပင်ရင်း၌ ကြဲဖြန့်  လိုက်သောအခါ ဆယ့်လေးတောင်ပမာဏရှိသော အပရာဇိတပလ္လင်တော်ပေါ်ထွန်းခဲ့၏.. ဘုရားလောင်းသည် အရှေ့အရပ်သို့လှည့်၍ ထိုင်တော်မူကာ ၁။ ဒေ၀ပုတ္တမာရ် - မာရ်နတ်နှင့်တကွ စစ်သည်အပေါင်းကို အောင်မြင်  ခြင်း.. ၂။ ကိလေသမာရ် - ၁၅၀၀ ကိလေသာအပေါင်းကို အောင်မြင်တော်မူခြင်း.. ၃။ အဘိသင်္ခါရမာရ် = ကုသိုလ်ကံ အကုသိုလ်ကံ အားလုံးကို ကုန်ခန်းအောင်မြင်ခြင်း.. ၄။ခန္ဓမာရ် = အပါယ်ခန္ဓာ .. လူခန္ဓာ.. နတ်ခန္ဓာ.. ဗြဟ္မာခန္ဓာ .. ခန္ဓာအားလုံးကို အောင်တော်မူခြင်း.. ၅။ မစ္စုမာရ် = သေခြင်းတရားကို အောင်တော်မူ  ခြင်းဟူသော မာရ်ငါးပါးကို အောင်မြင်တော်မူခဲ့သည်.. ထို့ကြောင့် အပရာဇိတ = ပရာဇိတ - ရှုံးအပ်ရာ.. အ - မဟုတ်.. အောင်မြင်ရာဌာန ဟုခေါ်၏..ဗုဒ္ဓသည် အပရာဇိတပလ္လင်ထက်ဝယ် ၇ ရက်သီတင်းသုံးတော်မူ၏..  အနေကဇာတိသံသာရံ” အစဖြာသည့် ပထမဗုဒ္ဓ၀စနကို ဥဒါန်းကျူးရင့်တော်မူခဲ့၏..

၂။ အ နိမိသ သတ္တာဟ ( ဒုတိယ ၇ ရက်) စသော သတ္တ သတ္တာဟ (၆) နေရာ



 ၂။ အ နိမိသ သတ္တာဟ ( ဒုတိယ ၇ ရက်)                                                                                  
ဘုရားရှင် ပလ္လင်တော်ထက်ဝယ် ခုနစ်ရက်လုံး သီးတင်းသုံးနေသောအခါ အချို့နတ်များက ဘုရားမဖြစ်သေး  ပြုဖွယ်ကိစ္စများ ကျန်ရှိနေသေးသည်ဟု ထင်မှတ်ကြ၏.. ဘုရားရှင်သည် ၄င်းနတ်တို့၏ ယုံမှားသံသယကို ပယ်ဖျောက်ရန် ကောင်းကင်မှာ တန်ခိုးပြတော်မူ၍ ဗောဓိပင်၏ အရှေ့မြောက်ထောင့် ပေ ၂၀၀ ကျော်လောက် တွင် ဗောဓိပင်ကိုမမှိတ်သောမျက်စိဖြင့် မတ်မတ်ရပ်၍ ၇ ရက်ကြာ ကြည့်တော်မူခဲ့သည်ကို အ နိမိသ သတ္တာဟ ဟုခေါ်၏.. နိမိသ - မျက်လုံးမှိတ်ခြင်း ..  အ - မဟုတ် .. ဟုအဓိပ္ပါယ်ရ၏..  ဥာဏ်တော် ၅၅ ပေမြင့်သောစေတီ  ကို ကုန်းတော်ပေါ်မှာ အထိမ်းအမှတ် တည်ထား၏…
၃။စင်္ကမနသတ္တာဟ(တတိယ၇ရက်)                                                                                       
ဘုရားရှင်သည် ဗောဓိပင်နှင့်အနိမိသကုန်းတော်အကြား နတ်တို့ဖန်ဆင်းအပ်သော အရှေ့အနောက်အတောင် ခြောက်ဆယ်ရှိသော ရတနာစင်္ကြံ၌ ၇ ရက်ပတ်လုံး စင်္ကြံကြွတော်မူ၏.. အသောကမင်းသည် ဗောဓိပင်မြောက် ဖက် ပေ ၃၀ လောက်တွင် အရှေ့အနောက် ကျောက်တုံးကြာပွင့်ချပ်များထုလုပ်၍ ပူဇော်ထား၏.. ၁၁ ပွင့်တွေ့ရ၏.. ယခုအခါ သာသနာ ၂၅၀၀ ပြည့်  အထိမ်းအမှတ်အဖြစ် သုံးပေလောက်မြင့်သော စင်္ကြံလမ်းပြုလုပ်၍ ကြာပွင့် ၁၉ ပွင့်ပူဇော်ထားသည်ကိုလည်း ဖူးတွေ့ရ၏..

၎။ရတနာဃရသတ္တာဟ(စတုတ္ထ၇ရက်)  
                                                                             
ဗောဓိပင်၏ အနောက်မြောက်ယွန်းယွန်း ပေ ၂၅၀ လောက်ဝေးသောနေရာ၌ နတ်တို့ဖန်ဆင်းအပ်သည့်   ရတနာရွှေအိမ်၌ ၇ ရက်သီတင်းသုံး၍ အဘိဓမ္မာ ၇ ကျမ်းကိုသုံးသပ်ဆင်ခြင်တော်မူ၏ ..နောက်ဆုံးပဋ္ဌာန်း  တရားတော်ကြီးကိုသုံးသပ်ဆင်ခြင်တော်မူသောအခါခန္ဓာကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ်ကွန့်မြူး  တော်မူခဲ့၏.. သာသနာ့အလံတော်သည် ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်သွယ်ကို အထိမ်းအမှတ်ပြု၍ ရည်မှန်းပြုလုပ်ထားခြင်းပင်တည်း..

၅။ အဇပါလ သတ္တာဟ (ပဉ္စမ ၇ ရက် )
ဆိတ်ကျောင်းသားတို့အရိပ်ခိုရာညောင်ပင်ကိုအဇပါလညောင်ပင်ဟုခေါ်၏..ယခု ညောင်ပင်မရှိတော့ပေ..                             ဗောဓိပင်၏အရှေ့ဘက်တည့်တည့်ပေနှစ်ရာကျော်လောက်မှာ  ၁၂ပေမြင့်သောအသောက ကျောက်စာတိုင် စိုက်ထူထား၏..ဘုရားရှင် ထိုညောင်ပင် အောက်၌ ၇ ရက် သီတင်းသုံးစဉ် မာရ်နတ်၏သမီးများဖြစ်သော တဏှာ ရတီ ရဂါ တို့ကလာရောက်မြူဆွ ယ် ဖြား ယောင်းကြ၏.. လူသားထဲမှ ဘုရားရှင်ကို ပထမဆုံးဖူးတွေ့ရ သူ    ဒိဋ္ဌမင်္ဂလိကပုဏ္ဏားလည်း လာရောက်၍ ဗြဟ္မဏဆိုင်ရာ မေးခွန်းများမေးခဲ့၏..ထိုပုဏ္ဏားသည် မာန ဒေါသ ကြီး၍ ဟုံ ဟုံ ဟုံ ဟုအသံပြုလျှက်လှည့်လည်သွားလာတတ်သောကြောင့်  ဟုံဟုင်္ကဇာတိက  ပုဏ္ဏားဟုခေါ်၏..တရား နာခဲ့ရသော်လည်းတရားထူးမရခဲ့..မှန်၏..ဓမ္မစကြာမဟောခင်ဟောသောတရားများသည်တရားထူးမရစေနိုင်..

၆။ မုစလိန္ဒ သတ္တာဟ ( ဆဋ္ဌ ၇ ရက် )                                                                   ဗောဓိပင်၏အရှေ့တောင်ဘက်  ပေငါးရာကျော်လောက်တွင်  ရေအိုင်ကြီးတစ်ခု  နှင့်  ကျည်းပင်တစ်ပင်ရှိ၏.. ပါဠိလို ကျည်းပင်ကို မုစလိန္ဒ ဟုခေါ်၏.. ၄င်းကိုအစွဲပြု၍ ရေအိုင်ကို မုစလိန္ဒအိုင်.. ရေအိုင်ထဲကနဂါးကို မုစလိန္ဒ နဂါးဟုခေါ်၏..အချို့က မုဉ္စလိန္ဒာ ဟုခေါ်ကြ၏..ဘုရားရှင် ကျည်းပင်ရင်း၌  ၇ ရက်သီတင်းသုံးစဉ် မိုးသည်းထန် စွာ ရွာသွန်း၏.. မှန်၏.. ဇွန်လနှောင်းပိုင်းဆိုတော့ မိုးရွာမည်သာတည်း..   နဂါးမင်းသည် ဘုရားရှင်ကို မိမိအခွေ  ဖြင့် ၇ ခွေရစ်ပတ်၍ ပါးပျဉ်ထောင်က မိုးပေးထား၏.. ၇ ရက်ပတ်လုံးမိုးဆွေပြီးသောအခါ နဂါးမင်းသည် လုလင်  အသွင်ဖန်ဆင်း၍ ဘုရားရှင်ကို ရှိခိုးပူဇော်၏.. ဘုရားရှင်က သုခငါးဖြာ ဥဒါန်းဂါထာကို ကျူးရင့်တော်မူခဲ့၏..   ယခုအခါ ကျည်းပင်မရှိတော့သော်လည်း ရေအိုင်ကြီးအလယ်မှာ နဂါးရုံဘုရားတည်ထား၏.. ဦးကျော်သိန်းတို့  အဖွဲ့ကောင်းမှုဟုသိရပေ၏..သမိုင်းအဆိုအရ တစ်ကီလိုမီတာဝေးသောနေရာတွင်ရှိသည့် ယခုလက်ရှိ မုရှလိ န္ဒာရွာနေရာသည်သာ မုဉ္စလိန္ဒာနေရာအစစ်ဖြစ်သည်ဟုဆိုပါ၏..

၇။ ရာဇာယနတ သတ္တာဟ ( သတ္တမ ၇ ရက် )
လင်းလွန်းပင်ကို ရာဇာယနတ ဟုခေါ်၏.. ဗောဓိပင်၏အရှေ့တောင်ဘက် ပေတစ်ရာလောက်တွင်ရှိ၏.. မြန်မာ ပြည်က ဗိုလ်မှူးကြီးလှအောင်တို့ ပြန်လည်စိုက်ပျိုးသည်ဟုသိရ၏.. လေးဆယ့်ကိုးရက်ပြည့်သောနေ့၌ သိကြား  မင်းက ဆေးသျှစ်သျှာသီးနှင့်ဒန်ပူကိုကပ်လှူခဲ့၏.. ဥက္ကလာပတိုင်းသား တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင် တို့သည် အတိတ်ဘ၀က ဆွေမျိုးတော်ဖူးသော ရုက္ခစိုးနတ်သမီး၏တိုက်တွန်းချက်ကြောင့် ဘုရားရှင်ကို ပျားမုန့် ဆွမ်းများလာရောက်ကပ်လှူ၏.. နတ်မင်းကြီးလေးပါတို့လှူဒါန်းလာသောသပိတ်လေးလုံးကိုအဆင့်ဆင့်နှိပ်ထပ် ၍ အနားလေးရစ်ရှိသပိတ်ဖြင့် ဘုရားရှင်က အလှူခံတော်မူ၏.. ဗုဒ္ဓ ဓမ္မ ဒွေဝါစိကသရဏဂုံခံယူဆောက်တည်၏                              ဘုရားရှင်က ဆံတော်ရှစ်ဆူ ပေးသနားတော်မူ၍ ရွှေတိဂုံ စေတီတွင်ဌပနာတည်ထားကိုးကွယ်တော်မူ၏..


မဟာဗောဓိစေတီတော်                                                                                                                            မူလဒါယကာမှာအသောကမင်းကြီးဖြစ်၏.. ခရစ်2ရာစုမှာ မဂဓဘုရင် ကနိရှက က လက်ရှိပုံစံဖြစ်အောင်ပြုပြင်ခဲ့၏..    ဥာဏ်တော် ပေ၁၈၀ မြင့်၏.. မြန်မာ ၁၂၃၉ = ခရစ် 1877 တွင် မြန်မာဘုရင် မင်းတုန်းမင်းက ထပ်မံပြု ပြင်ခဲ့၏.. စေတီရံများသည် မင်းတုန်းမင်း၏ ကောင်းမှုဖြစ်၏..စေတီတော်အတွင်း၌ဂုတ္တခေတ် လက်ရာ ဥာဏ် တော် ၁၀ ပေခန့်ရှိ ရုပ်ပွားတော်တစ်ဆူရှိ၏..ရှေ့နားငါး ပေလောက်မှာ တွင်းငယ်လေးတစ်ခုရှိ၏.. အိန္ဒိယလွတ် လပ်ရေးရပြီးမှ ဗုဒ္ဓဘာသာဝင်တို့၏တောင်းဆိုချက် အရဟိန္ဒူတို့ကိုးကွယ်ရာသျှီဝလိင်ပုံကျောက်ရုပ်ကြီးကိုဖယ်ရှားထားသောနေရာဖြစ်၏..  အထက်ပစ္စယာမှာလည်း ရုပ်ပွားတော်ရှိသေး၏.. တက်ရာက်ခွင့်ပိတ်ထား၏..


မင်းတုန်းဇရပ်
ခရစ် 1874 တွင် မင်းတုန်းမင်းကြီး၏အမိန့်တော်အရ မြောင်လှမြို့စားဦးဆောင်သောမြန်မာအဖွဲ့သည် မဟာ ဗောဓိစေတီတော်ကြီးကိုပြုပြင်ရန်နှင့်အရံစေတီများတည်ရန်စေတီတော်ကြီး၏အရှေ့ဘက်ဂိုက်လေးရာလောက် တွင်ဇရပ်တစ်ဆောင်ဆောက်လုပ်နေထိုင်ခဲ့ကြရာ ဆယ်နှစ်ကျော်ကြာသည်ဟုဆို၏..မင်းတုန်းဇရပ်သည် မဟန့် နန်းတော်နှင့် တောင်ဘက် မြောက်ဘက်ဖြစ်၏..ယခုအခါ မဟန့်မျိုးဆက်များနေ၍ နွားမွေး ဆိတ်မွေး ကြက်မွေး ၀က်မွေးဖြစ်နေပေပြီ.. ဇရပ်ကြီးသည် လေးပေလောက်မြင့်၍ ပေ ၁၀၀ လောက်ရှည်၏.. တစ်ထပ်ဖြစ်၍ ယခုထိ  အခိုင်အခန့် အကောင်းကြီးရှိပေသေး၏.. ဇရပ်ဘေးနားမှာ မင်းတုန်းမင်းကောင်းမှုကိုရေးထိုးထားသောကျောက်စာတိုက်ငယ်နှစ်ခုရှိ၏..တောကြိုအုံကြား ချောက်ကြိုမြောင်းကြားရောက်ရှိနေပြီတည်း.. ဘာသာခြား လူမျိုးခြား အလယ်မှာ ကျွုန်ုပ်တို့ ရွှေဗမာများ ဘာများတတ်နိုင်ဦးမည်နည်း .. ဓာတ်ပုံ ရိုက်၍ ပြန်ရုံသာတည်း..လူမျိုးခြား ခြင်းက ပြဿနာသိပ်မကြီးလှသော်လည်းဘာသာခြားခြင်းက ပြဿနာကြီးလှ၏.. ဤကား ကျွန်ုပ်၏ အလိုတည်း …
 

Thursday, 24 September 2015

"ကလေးများ၏ လက်ဦးဆရာ"


လူမှုစီးပွားအဆင်ပြေ၍ ချမ်းသာကြွယ်ဝကြသူများ၏ သားသမီးများမှာ ဉာဏ်ရည် ပိုမို ထက်မြက်ကြသည်၊ ကျောင်းပညာရေးတွင် ပိုတော်ကြသည် ဟူသော အယူအဆမှာ ဆွေးမြေ့ ဟောင်းနွမ်းခဲ့ပြီးဖြစ်ပါ၏။ မိဘများ၏ လစဉ်၊ နှစ်စဉ် ၀င်ငွေ၊ ချမ်းသာ ကြွယ်ဝမှု ပမာဏ၊ နေထိုင်ရာမြို့နယ်၊ ရပ်ကွက် စသည့် လူမှုစီးပွား နောက်ခံအခြေအနေများနှင့် ကျောင်းပညာရေး အောင်မြင်မှု ဆက်နွယ်နေမှု ဆိုသည်မှာ အတိတ် ကာလများတွင် ပြောဆို ဆွေးနွေးခဲ့သောပုံစံများလောက် ရိုးစင်းလှသည်တော့မဟုတ်ပါ။ အမှန်တကယ်တွင်မူ ဤ ၂ ခု၏ အဆက်အစပ်ကို ရိုးရိုးသာ ရှုမြင်ခဲ့သည်မှာ အစဉ် မမှန်ကန်နိုင်ကြောင်းများကို တွေ့မြင်ခဲ့ခြင်းပင်။ ဆင်းရဲ နွမ်းပါးသော မိသားစု များမှ ကလေးများသည်လည်း ဘ၀တွင် ထွန်းပေါက် အောင်မြင်နိုင်စွမ်း အဘယ်ကြောင့် ရရှိနေပါသနည်း။

အလှည့်အပြောင်း “ကျောင်းပညာရေးတွင် အောင်မြင်မှုကို မည်သည့်အချက်များမှ လွှမ်းမိုးနေသနည်း” ဟူသော မေးခွန်းကို မိဘများအား မေးမြန်း ကြည့်ခဲ့ဖူးပါသည်။ ဖြစ်နိုင်သော အဖြေများတွင် “အစားအစာ ကောင်းကောင်း ကျွေးမွေးခြင်း၊ ငယ်စဉ်ကတည်းက (မူကြိုအရွယ် ကတည်းက) ပညာရေး အခြေခံကောင်း ရရှိခြင်း၊ မိဘများ၏ နောက်ခံပညာအခြေခံ၊ မွေးစဉ် (အကြီး၊ အငယ်၊ အလတ်)၊ ရုပ်ပိုင်း၊ စိတ်ပိုင်းကျုန်းမာရေး စသည့် အချက်များ ပါဝင်နိုင်ပါလိမ့်မည်။ လူအများစု သတိ မမူမိတတ်သည့် အရေးကြီးသော အချက် တစ်ချက်ကား ကျန်ရှိနေလေသည်။ ဤအချက်မှာ အခြားသော အချက်များကို များစွာ လွှမ်းမိုမှု ရှိပြန်သည်။ ကလေးများ၏ စိတ်အခြေခံ၊ သင်ယူ လေ့လာမှုနှင့် အဆုံးစွန်အားဖြင့် ကျောင်းပညာရေး အောင်မြင်မှုတွင်လည်း သက်ရောက်မှု ရှိခြင်းကြောင့်ပင် ဖြစ်သည်။ ဤအချက်မှာ “မိဘများကိုယ်တိုင် ပါဝင်ဆောင်ရွက်မှု” ပင်ဖြစ်တော့သည်။ လူမှုစီးပွား နောက်ခံအခြေအနေနှင့် ကျောင်းပညာရေး အောင်မြင်မှု တိုက်ရိုက် ဆက်နွယ်နေသော အချက်များကို မငြင်းပယ်လိုပါ။ သို့ရာတွင် မိဘများ၏ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆောင်ရွက်မှုမှာ ဤဆက်နွယ်နေမှုတွင် ကြားခံသော့ချက်ပင်တည်း။ တနည်းဆိုရသော် ကလေးများ၏ ဆင်းရဲ၊ ချမ်းသာ နောက်ခံ အကြောင်းတရားများမှာ များစွာ အရေးမကြီးလှ ခြင်းပင်ဖြစ်သည်။ အရေးပါသည့် အချက်မှာကား သားသမီးငယ်များ၏ ကျောင်း ပညာရေးတွင် မိဘများ ကိုယ်တိုင် ကိုယ်ကျ အနှစ်သာရ ရှိရှိ၊ ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်မှုရှိခြင်း၊ တက်ကြွစွာ လုပ်ကိုင် ဆောင်ရွက်ပေးခြင်း၊ မိဘများ၏ ပါဝင်မှုမှာ ထင်သာမြင်သာ ရှိခြင်းတို့ပင်ဖြစ်သည်။ အထက်တွင် မေးထားသည့် မေးခွန်း၏ အဖြေလည်းဖြစ်သည်။ ဆင်းရဲသောမိဘများ၏ ကလေးငယ်များမှာ ကျောင်းပညာရေးတွင် အောင်မြင်မှု ရရှိနိုင်ခြင်းနှင့် မိဘချမ်းသာ ကြွယ်ဝသော်ငြားလည်း သားသမီးတို့မှာ ကျောင်းပညာရေးတွင် အောင်မြင်မှု မရရှိကြသူတို့အကြား ခြားနားချက်ကို ရှင်းပြနိုင်ခြင်းဖြစ်သည်။ မြန်မာစကားပုံတွင် အထင်ကရဖြစ်သော “လက်ဦးဆရာ၊ မည်ထိုက်စွာသည်၊ ပုဗ္ဗာစရိယ မိနှင့်ဖ” ဟူသည်မှာ မိဘများ၏ တာဝန် ၀တ္တရားကိုလည်း ဖော်ကျူးထားခြင်းပင်။ စံနမူနာယူစရာ နိုင်ငံတကာတွင် အောင်မြင်မှု ရရှိနေသော ဦးနှောက်ခွဲစိတ်ကု သမားတော်၊ စာရေးဆရာ၊ စိတ်ခွန်အား တက်ကြွဖွယ်ဟောပြောသူ ဒေါက်တာ ဘန်ကာဆန်သည် အသက် ၃၃ နှစ် အရွယ်တွင် ဂျွန်ဟော့ကင်း ဆေးရုံကြီး (အမေရိကန်နိုင်ငံ နှစ်စဉ် အကောင်းဆုံး ဆေးရုံဆု ၁၈ ခု ရရှိပြီး) ၏ ကလေးသူငယ် ဦးနှောက်ခွဲစိတ်ကု သမားတော်အလုပ်ကို ရရှိသည်အထိ အောင်မြင်မှုနှင့် ပတ်သက်၍ တစ်ဦးတည်းသော မိခင်ဖြစ်သူကြောင့် ဖြစ်ကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့လေသည်။ ရင်ချင်းဆက်အမွှာကို ခွဲစိတ်ကုသသူ၊ မကြာမကြာ သတိလစ် “တက်” တက်သူ လူနာများကို ကူညီပေးရန်အတွက် ဦးနှောက် တစ်ခြမ်းကို ခွဲစိတ်ထုတ်ပယ်သည့် radical hemispherectomies သမားတော်တစ်ဦးဖြစ်သည်။ ဒေါက်တာဘန်ကာဆန်မှာ ဆင်းရဲနွမ်းပါးပြီး မိဘများမှာ လင်မယား ကွာရှင်းပြတ်စဲထားသူများဖြစ်လေသည်။ မိသားစု ဖရိုဖရဲဖြစ်ခြင်းကို ငယ်စဉ်ကပင် ကြုံတွေ့ခံစားရလေသည်။ မိခင် ဖြစ်သူသည် သုံးတန်း အဆင့်သာ ကျောင်းနေဘူးပြီး စာပေ မတတ်သူဖြစ်ရကား မိသားစုကို အလုပ် ၃-၄ မျိုး တပြိုင်တည်းလုပ်ကာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရှာဖွေ ကျွေးမွေးခဲ့ရသည်။ သား ၂ ယောက်လူလားမြောက်လာစေရန် ပြုစုပျိုးထောင်ပေးခဲ့ရာတွင် ဒေါက်တာ ဘန်ကာဆန်နှင့် သူ၏ ညီဖြစ်သူတို့ကို တီဗွီတစ်ချိန်လုံးကြည့်နေသည်ထက် စာပိုမိုဖတ်ရှုလေ့လာရန် ကြပ်မတ် လမ်းညွှန် ခဲ့သည်။ ရက်သတ္တ တစ်ပတ်တွင် ရုပ်မြင်သံကြားအစီအစဉ် ၂ခု၊ ၃ ခုကိုသာ ကြည့်ရှုခွင့်ပြုလေသည်။ နေ့နေ့ ညည ကျန်သော အချိန်အများစုကိုကား စာပေ ဖတ်ရှုခြင်း၊ လေ့လာခြင်းတို့ဖြင့် ကုန်လွန်စေရသည်။ အမိဖြစ်သူသည် သား ၂ ဦးတို့၏ ပညာရေးတွင် နိုးကြားတက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့၏။ ကျောင်း ပညာရေး၏ တန်ဖိုးကို အစဉ်ပင် သတိပေးလေ့ရှိပြီး မဖြစ်နိုင်သောအရာ ဟူသည်မရှိဟုလည်း စိတ်ခွန်အား တတ်ကြွဖွယ်ရာ ပြောဆိုဆုံးမတတ်သည်။ မြန်မာနိုင်ငံတွင် အထင်ကရ တစ်ဦးဖြစ်သူ တက္ကသိုလ် ကောလိပ်ကျောင်းအုပ်ကြီး၊ စာပေ ပညာရှင် ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်မှာ ဆင်းရဲသော မိသားစု၏ စာတော်သော ကျောင်းသား ဖြစ်ခဲ့ကြောင်းကိုလည်း ရေးသား ဆွေးနွေးခဲ့ဖူးပါသည်။ နွေးထွေးသော ကရုနာရှင် အမေ ဆရာဆရာမများအနေဖြင့် မိဘများနှင့် မည်သည့်အချိန်တွင် တွေ့ဆုံတတ်ပါနည်း။ များသောအားဖြင့် မြန်မာစာသင်ကျောင်းများတွင် ကျောင်းသားမိဘနှင့် တွေ့ဆုံမှုမှာ ပြဿနာဖြစ်သည့် အခါတွင်သာ ဖြစ်လေသည်။ ကျောင်းသားများ ဆိုးသွမ်းသည့်အခါ၊ ကျောင်း စာမေးပွဲ ကျရှုံးသောအခါ၊ ခိုက်ရန် ဖြစ်ပွားသည့် အခါတို့တွင်သာ ထိုကျောင်းသားတို့၏ မိဘများနှင့် တွေ့ဆုံ လေသည်။ “မိဘ၊ ဆရာ ပူးပေါင်း ကလေး ပညာကောင်း” ဟူသော ပညာရေး စကားပုံရှိသော်ငြားလည်း ကလေးငယ်တစ်ဦးချင်း မိဘများအနေဖြင့်မူ ကျောင်းအုပ်၊ အတန်းပိုင်၊ ဘာသာရပ်ပြဆရာဆရာမများနှင့် တွေ့ဆုံ ဆွေးနွေးခွင့်မှာမူ များစွာမရှိသေးကြောင်း လေ့လာတွေ့ရှိ ရပြန်သည်။ စာသင်ကျောင်း၏ တစ်နှစ်တာ ပညာရေးပြက္ခဒိန်တွင် ထည့်သွင်း မထားရှိကြသေး။ အခြားသောနိုင်ငံများ၏ ပညာရေးသုတေသန လေ့လာတွေ့ရှိမှုများအရ မိခင်၊ ဖခင် တစ်ဦးဦးမှ ကလေး၏ ပညာရည်တိုးတက်မှုကို ကျောင်းဆရာဆရာမများနှင့် လာရောက် ဆွေးနွေးသည့် အခါဝယ် ကျောင်းသား အနေဖြင့် အပြုအမူ၊ စိတ်ပါဝင်စားမှုနှင့် သင်ယူ လေ့လာရာတွင် ပိုမို ကောင်းမွန်တိုးတက်မှုရှိခြင်းပင်ဖြစ်ပါသည်။ မိဘမှ ကျောင်းသို့ လာရောက်သည့်အတွက် ကြောက်ရွံ့ ထိတ်လန့်ပြီး ပြောင်းလဲလာခြင်းဟူ၍ ရှုမြင်နိုင်သည်။ ဤသို့ကား မဟုတ်ရပါလေ။ အကောင်းမြင် သဘောထားအနေဖြင့်သာ ရှုမြင်အပ်သည်။ မိဘနှင့် ကျောင်းသား နှစ်ဦးနှစ်ဝအတွက် ပညာရေးအမြစ်ကို ခိုင်မာစေခြင်းပင်။ သူတို့၏ ကျောင်းစာနှင့် ကျောင်း ပညာရေးတွင် မိဘများ၏ ပါဝင်ပတ်သက်မှု၊ စိတ်ဝင်စားမှု၊ အခြား ကျောင်းသားများနှင့် ဆက်ဆံရေး၊ ဆရာဆရာမများနှင့် ဆက်ဆံရေးတို့ကို သားသမီးများနှင့် ဆွေးနွေး ပြောဆိုမှုတို့သည် ကျောင်းသူကျောင်းသားများမှ ပညာရေးကို အမှန်တကယ် စိတ်ပါဝင်စားမှု ဖြစ်ပေါ် စေပါသည်။ စိတ်အား တက်ကြွဖွယ်ရာလည်း ဖြစ်ပြီး ပညာရေး စိတ်ခွန်အား ရရှိစေကာ ဖြစ်နိုင်စွမ်းရှိသည့် လိုလားအပ်သော ကျောင်း ပညာရေး ရည်မှန်းချက်များ ခပ်မြင့်မြင့် ထားရှိကြပါသည်။ လက်ရှိကျောင်းပညာရေးအခြေအနေ၊ သူငယ်ချင်းများအကြောင်း၊ သူတို့စိတ်ပါဝင်စားသည့် ဘာသာရပ်များ၊ အကြောင်းအရာများ၊ မျှော်မှန်းချက်များ၊ အနာဂတ်အကြောင်း စသည်တို့ကို ကလေးများနှင့် ဆွေးနွေး ပြောဆိုခြင်းသည် သင်ယူလေ့လာမှုကို တိုးတက် စေရန် များစွာ အထောက်အပံ့ ဖြစ်စေပြီး ကျောင်းပညာရေးတွင် အောင်မြင်မှု ရရှိရန်အတွက်လည်း မျှော်လင့်နိုင် ပါသည်။ အနှစ်သာရ အားဖြင့် မိဘများ၏ ပါဝင်ဆောင်ရွက်မှု၊ ကလေးပညာရေးအတွက် နိုးကြားတက်ကြွမှုတို့ကို ကျောင်းသူကျောင်းသားများမှ များစွာ တန်ဖိုးထားရှိကြောင်းပင်ဖြစ်ပါ၏။ ကျောင်းများအနေဖြင့် နှစ်ဝက်တိုင်းတွင် မိဘတိုင်းနှင့် အတန်းပိုင်၊ ဘာသာရပ်ပြဆရာတို့ တွေ့ဆုံ ဆွေးနွေးခြင်း အစီအစဉ်ကို ရေးဆွဲ ထားသင့်သည်။ ငါးမိနစ်၊ ဆယ်မိနစ်ခန့် တွေ့ဆုံခြင်းမှာ ပညာရေး အကျိုးကျေးဇူး များစွာရှိပါသည်။ ပညာရည်တိုးတက်မှု မှတ်တမ်း ပေးပို့ပြီးသည့်အခါများတွင် ကလေးတိုင်း၏ မိဘတိုင်းနှင့် တွေ့ဆုံခြင်းအစီအစဉ်ပင်ဖြစ်၏။ ဆိုးသော၊ တော်သော၊ ညံ့သော ကလေး ဟူ၍လည်း ခွဲခြား ထားမှုမရှိဘဲ မိဘအားလုံးနှင့် အလှည့်ကျ တွေ့ဆုံခြင်းဖြစ်သည်။ ထို့အပြင် အခါအားလျော်စွာ လိုအပ်ချက် များအရလည်း တွေ့ဆုံသင့်ပါသည်။ အနည်းဆုံးအားဖြင့် မိဘတိုင်းသည် ကလေးများနှင့် ကျောင်းပညာရေး ဆိုင်ရာတို့ကို ပြောဆို ဆွေးနွေးနိုင်သည် မဟုတ်ပါလား။ ကလေးများ၏ ပညာရေး အောင်မြင်မှုမှာ ကျောင်းဆရာဆရာမများသာလျှင် တာဝန်ရှိသည် မဟုတ်ပါ။ ဆရာဆရာမများနည်းတူ ကလေးများ၊ မိဘများ၊ ရပ်ရွာလူ့အဖွဲ့အစည်းနှင့် အစိုးရ အဆင့်ဆင့် တွင်လည်း အညီအမျှ တာဝန်ကြီးကြီးရှိပါကြောင်း။

ဖင်လန်နိုင်ငံအဘယ်ကြောင့် ပညာရေးတွင်ထိပ်တန်း ဖြစ်ရသနည်း


ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခတိုနီဝဂ္ဂနာက ဖင်လန်နိုင်ငံသည်ပညာရေးတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်လာရခြင်းအား စာမေးပွဲကိုအလေးမထားမှုကြောင့်ဟု တိုတိုတုတ်တုတ်မှတ်ချက်ပြုသွား သည်။ ဖင်လန်နိုင်ငံသည် အဘယ်ကြောင့်ကမ္ဘာအံ့ဖွယ် ပညာရေးစနစ်ဖြင့် အောင်မြင်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ရသနည်း။စက်မှုလက်မှုနိုင်ငံ တစ်နိုင်ငံသည် ပညာရေးတွင် အအောင်မြင်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ရသည်။အစဉ်အလာ ပညာရေးကစာမေးပွဲစနစ်ဖြင့်အဆုံးသတ်သည်။စစ်ဆေးခြင်းသည်ကလေးတစ်ယောက်ဘ၀အတွက်အဖြေဖြစ်နေသည်။ထိုအနေအထားကိုဖင်လန်ပညာရေးက တော်လှန်ပြီး ပြုပြင်ပြောင်းလဲနိုင်သောကြောင့် အောင်မြင်ခဲ့လေသလား ဆန်းစစ်ရန်လိုပါသည်။ ဤအဖြေကိုပါမောက္ခဝဂ္ဂနာနှင့် ဒေးဗစ်ဆီရိုတာတို့၏အင်တာဗျူးကအဖြေပေးနိုင်လိမ့်မည်ထင်သည်။

Q : ဖင်လန်နိုင်ငံဘာကြောင့် အောင်မြင်ရတာလဲ။ပညာရေးမှာ နောက်ခံတွေကောင်းလို့လား၊စနစ်တွေကောင်းလို့လား။ဒီကနေစပြီးဆရာ့ကို ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။ A : ၁၉၇၀အစောပိုင်းလောက်တုန်းကဖင်လန်နိုင်ငံရဲ့ပညာရေးကအဲဒီလောက်မဟုတ်သေးဘူး။လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့စီးပွားရေးစနစ်ဖြစ်နေလို့ဆင်းရဲသေးတယ်လို့ ပြောနိုင်တယ်။တကယ်တော့ သူတို့အလျှင်အမြန်ပြုပြင်ပြောင်းလဲ ခဲ့ကြတာ။ပညာရေးစနစ်ကို ပြန်ပြီးတော့အားသစ်တွေလောင်းတယ်။ ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်တယ်။သူတို့ကစီးပွားရေးကိုတောင်အသိပညာကိုအခြေခံသည့်စီးပွားရေးစနစ်ဆိုပြီးလုပ်ကြတာ။ ဒီလိုနဲ့၁၉၇၀ လောက်ရောက်တော့ ပြုပြင်ပြောင်းလဲမှုကို လုပ်တော့မယ်ဆိုပြီး အနာဂတ်အတွက် ဆရာလောင်းတွေကို စိတ်ကြိုက်ရွေးချယ်ကြတယ်။ ပညာရေးကို ပြုပြင်ပြောင်းလဲတော့မယ်ဆိုပြီး လုပ်သင့်လုပ်ထိုက်တာကို ပထမဦးစားပေးအနေနဲ့လုပ်ကြတာပါ။ဆရာတွေထဲက ရွေးချယ်ရာမှာပရိုဆန်ဆန်တကယ်တော်တဲ့သူတွေကိုပဲ ရွေးကြတယ်။ဆရာတိုင်းကိုသာမန်ဘွဲ့လောက်ထက်မာစတာဘွဲ့ရဆိုတာမျိုးဖြစ်ရမယ်ဆိုပြီး ရွေးကြတာ။ဒါကြောင့်ဆရာဖြစ်ချင်တယ်ဆိုတဲ့သူတွေကိုသာမန်ဘွဲ့လောက်နဲ့မဖြစ်ဘူးဆိုပြီးအရည်အသွေးကို မြှင့်တင်လိုက်တာဟာ အောင်မြင်ရတဲ့ပထမအကြောင်းတရားဖြစ်မယ်။ ဆရာ့အလုပ်ဆိုတာ လေးစားလောက်တဲ့အလုပ်ဆိုတာထက်ပညာအရည်အချင်းနဲ့လည်းကန့်သတ်ပိုင်းဖြတ်ပြီး မြှင့်ယူခဲ့ကြတယ်။အဲဒီလို လေးစားဂုဏ်ယူစရာအကောင်းဆုံးအမြင့်မားဆုံးအလုပ်ဖြစ်အောင် လစာတွေကအစ အမြင့်ဆုံးဖြစ်အောင်လုပ်ပေးခဲ့တယ်။ဆရာအလုပ်လာလျှောက်တဲ့၁၀ ယောက်မှာ ၁ ယောက် လောက်ပဲ စာသင်ခန်းထဲ ဝင်ခွင့်ရတဲ့အထိအလုပ်ကိုကန့်သတ်ပစ်လိုက်တယ်။ဒါကြောင့်လည်းနိုင်ငံတကာကPISAလို့ခေါ်နေတဲ့ပညာရည်အဆင့်ကိုသူတို့ ကောင်းကောင်း ကျော်ဖြတ်နိုင်ခဲ့ကြတာပေါ့။အနောက်နိုင်ငံတွေထက်သူတို့သာသွားတာအဲဒီအချက်ကြောင့်ပဲ။အာရှသားတွေပညာတော်တယ်ဆိုတဲ့အဆင့်အထိသူတို့ကလိုက်ပြီးခြိမ်းခြောက်နိုင်ခဲ့တယ်။ဒီလိုနဲ့ ကမ္ဘာ့အဆင့်မှာပါ ပညာရေးထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ရတော့တာပဲ။ Q : ဆရာတွေကိုပဲအခြေခံထားပြီး ပြုပြင်လိုက်တယ်။နိုင်ငံအတွင်းမှာစာမေးပွဲစနစ်ကိုရောမလုပ်ကြဘူးလား။PISAဆိုတာ ကနိုင်ငံတကာစာမေးပွဲတစ်ခုမဟုတ်လား။ A : ဟုတ်တာပေါ့။သူတို့နိုင်ငံတွင်းမှာစာမေးပွဲဆိုတာမလုပ်ဘူး။စစ်ဆေးတဲ့ပုံစံ လုပ်တယ်ဆိုပေမယ့် ကလေးတွေကိုအကဲဖြတ်ဖို့စစ်တာလောက်ပဲရှိတယ်။သူများတွေစစ်သလိုစာမေးပွဲပုံစံကြီးနဲ့စစ်တာမျိုးမရှိဘူး။တစ်ဦးနဲ့တစ်ဦးပြိုင်ဖို့ဆိုတဲ့သဘောမျိုးတွေနဲ့စစ်ဆေးတာမျိုးတွေမဟုတ်ဘူး။စာမေးပွဲမရှိတော့သူတို့ကိုဘာနဲ့မက်လုံး ပေးရသလဲဆိုရင်ကိုယ့်အလုပ်မှာကိုယ်တတ်ကျွမ်းမှု၊နားလည်မှုဆိုတာတွေနဲ့တိုင်းတာမှုတွေလုပ်ရတယ်။သူတို့ကိုပိုင်းဖြတ်တဲ့ဆရာတွေအပေါ်မှာသူတို့လုံးဝယုံကြည်အားထားနိုင်တယ်။သူတို့ဆောင်ပုဒ်က “ကိုယ့်ကျွမ်းကျင်မှုကိုယုံကြည်ပါ”ပဲ။ဒါကြောင့်လည်း သူတို့ဖင်လန်မှာ အမြင့်ဆုံးနဲ့အနိမ့်ဆုံး ကျောင်းကွာခြားချက်က၄ရာခိုင်နှုန်းလောက်ပဲရှိတယ်။ Q : ဖင်လန်မှာလုပ်နေတဲ့ပညာရေးပြုပြင် ပြောင်းလဲမှုနဲ့ အမေရိကန်မှာလုပ်နေတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုက လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်။သူတို့နဲ့ယှဉ်လိုက်ရင်အမေရိကန်ကဆရာတွေကမကောင်းဆိုးဝါးတွေလိုဖြစ်မနေဘူးလား။ပြီးတော့ကျွန်တော်တို့ပညာရေးကကလေးတွေကိုစာမေးပွဲနဲ့ဖိထားတာလေ။ဒီနှစ်နိုင်ငံရဲ့ သဘောထားတွေက ဘာကြောင့်များ အဲဒီလောက်ကွာခြားနေရတာလဲဆရာ။ A : ပထမဦးဆုံး အဓိကကျတဲ့အချက်က ဖင်လန်နိုင်ငံဟာပညာရေးမှာသာမဟုတ်ဘူး တီထွင်ကြံဆမှုမှာလည်း ထိပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေသေးတယ်။သူတို့မှာစွန့်ဦးတီထွင်နိုင်အားတွေအရမ်းကောင်းကြတယ်။ခင်ဗျားတို့ အဘိုးတို့ခေတ်လောက်ကဆိုရှယ်လစ်စကားမျိုးတွေသူတို့ပြောကြတာမဟုတ်ဘူး။ အမေရိကန်မှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတယ်ဆိုတာကစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အဓိက မောင်းနေကြတာ။Xerox ကုမ္ပဏီက ဒေးဗစ်ကီရန်နဲ့ IBM ကုမ္ပဏီကလူးဂါ့စ်နာတို့ကပညာရေးဆိုင်ရာညီလာခံကြီးတစ်ခုကိုလုပ်တယ်လို့ကြားတယ်။ဒါပေမယ့်သူတို့ဘယ်ပညာရေးသမားတွေကိုမှမဖိတ်ကြဘူး။သူတို့ဖိတ်တာကCEO တွေ၊အစိုးရအဖွဲ့ဝင်တွေ၊လွှတ်တော် အမတ်တွေလောက်ပဲဖိတ်ပြီး ဆွေးနွေးကြတာ။ ကျွန်တော်နားလည်ထားတာကလုပ်ငန်းတွေမှာကျွမ်းကျင်တဲ့သူတွေလိုတာပဲဗျ။ဘ၀အာမခံချက်ပေးနိုင်တဲ့ ပညာရေးလို့ဘယ်လောက်ပဲအော်အော်ပညာရေးစနစ်အပေါ်အယုံအကြည်မရှိရင်လည်း အောင်မြင်မှာမဟုတ်ဘူး။ဖင်လန်နဲ့ဘာကွာခြားသလဲဆိုတော့အဲဒီမှာကနှစ်ပါတီစနစ်ပဲရှိပေမယ့်အဲဒီနှစ်ပါတီစလုံးကနှစ်ပေါင်း၃၀ ကျော်လောက်ပညာရေးကိုအလေးထားလုပ်ရကောင်းမှန်းသိတယ်။ဆရာတွေကိုတကယ့်အရည်အသွေး မြှင့်တင်ပေးရ ကောင်းမှန်းသိတယ်။သူတို့ကလုပ်ငန်းတွေနဲ့ပညာရေးကိုလည်းပူးပေါင်းဆက်စပ်ထားတယ်။ ပေါ်လစီရေးဆွဲသူတွေ ပညာရေးဘက်ကပညာရှင်တွေ ပေါင်းစည်းညီညွတ်ကြတယ်။ကျွန်တော်တို့အမေရိကန်မှာလိုအပ်နေတာအဲဒါပဲဗျ။ Q : အမေရိကန်ပညာရေးနဲ့ဖင်လန်ပညာရေးကိုနှိုင်းယှဉ်ရတာမျှတနိုင်ပါ့မလားဆရာ။ဖင်လန်နိုင်ငံက လူမျိုးတစ်စုတည်းလိုလိုပဲ ရှိတာ။အမေရိကန်မှာကလူမျိုးကွဲတွေဒီလောက်များနေတာ။ A : ဖင်လန်နိုင်ငံမှာကလူတွေထင်ထားတာထက်ပိုပြီးတော့တောင်ကွဲပြားမှုတွေရှိနေပါတယ်။လူဦးရေရဲ့ ၅၀ရာခိုင်နှုန်းလောက်ကဒုတိယဘာသာစကားကိုပြောကြတယ်။ဟယ်ဆင်ကီဘာသာစကားပြောတဲ့ ကျောင်းပေါင်း ၄၅ရာခိုင်နှုန်းလောက်ရှိတယ်။ဖင်လန်ကို အမေရိကန်နဲ့ မနှိုင်းယှဉ်နိုင်ဘူးဆိုပေမယ့် သူတို့မှာလည်း အဲဒီကွဲပြားမှုတွေက အရမ်းကြီးမားတယ်။ဖင်လန်နိုင်ငံရဲ့အရွယ်အစားနဲ့လူဦးရေကကျွန်တော်တို့ ပြည်နယ်တစ်ပြည်နယ်စာ လောက်ပဲရှိတယ်။ဖင်လန်ကိုကျွန်တော်တို့တိုင်းပြည်ကမင်နီဆိုးတားပြည်နယ်လောက်နဲ့ပဲနှိုင်းယှဉ်ကြည့်ရအောင်။ ဒေသကလည်း အတော်လေးတူတယ်။ဒါပေမယ့်နိုင်ငံတကာနဲ့ယှဉ်လိုက်ရင်သူတို့ကဘာကြောင့်မြင့်တက်သွားရသလဲ။ကျွန်တော်တို့မှာ သူတို့ဆီကနေ လေ့လာသင်ယူစရာတွေအများကြီးပဲ။ Q : စီးပွားရေးအရဆိုရင်ရောဘယ်လိုပြောမလဲဆရာ။နယူးယော့ခ်တက္ကသိုလ်ပါမောက္ခဒိုင်ရင်းရာဗစ်ခ်ျက ပြောဖူးတယ်။ပညာရေးတစ်ခုတည်းနဲ့တော့ဒီတိုင်းပြည်ရဲ့ဆင်းရဲမွဲတေမှုကိုမဖြေရှင်းနိုင်ဘူးဆိုတာပေါ့။ဆင်းရဲခြင်းကိုဖြစ်စေတဲ့ အကြောင်းတရားတွေအများကြီးတော့ရှိတာပေါ့။ဖင်လန်နိုင်ငံမှာက စီးပွားရေးအရ ဆင်းရဲချမ်းသာကွာဟချက် အရမ်းနည်းတယ်လို့သိရပါတယ်။အဲဒီလိုဆင်းရဲမွဲတေမှုနည်းပါး ခြင်းကလည်းပညာရေးမှာ အောင်မြင်ရတဲ့ အကြောင်းအချက်တစ်ခုဖြစ်မနေဘူးလားဆရာ။ A : အဲဒီအတွက်အဖြေနှစ်ခုရှိတယ်။ပထမကတော့လူမျိုးရေးနဲ့လူတန်းစားကွာဟမှုကိုအရင်ပြောရမယ်။ စာမေးပွဲ စစ်ဆေးရင်ဆင်းရဲတဲ့သူတွေရဲ့ရမှတ်တွေကရောဆင်းရဲလို့နည်းမယ်ထင်သလား။ဒါကြောင့် လူတန်းစား ကွာခြားလို့ လူမျိုးရေးကွဲပြားလို့ရမှတ်တွေကွာခြားရမယ်ဆိုတာမျိုးတော့မရှိပါဘူး။ဒီတိုင်းပြည်မှာက စီးပွားရေးကွာဟချက်တွေ များတယ်ဆိုတာမှန်ပါတယ်။ဒါတွေလျှောက်ပြောရရင်တော့ပိုပြီး ဝေးလိမ့်မယ်ထင်တယ်။ တစ်ခုတော့ရှိတယ်။ချမ်းသာတဲ့ရပ်ကွက်ကအကောင်းဆုံးကျောင်းတွေနဲ့၊ပုဂ္ဂလိကကျောင်းတွေ ယှဉ်ရင်တော့ ကွာကောင်းကွာမယ်။ ဒါပေမယ့်ဆရာရဲ့သင်ကြားနိုင်စွမ်းနဲ့ရလဒ်တွေကိုလည်း ပြန်သုံးသပ်ရမယ်။ကျွန်တော်တို့မှာက စာမေးပွဲနဲ့တိုင်းတာနေတော့ဉာဏ်ကောင်းရင်အမှတ်ကောင်းကောင်းရမယ်။ အောင်မယ်ပေါ့။ဒါပေမယ့်သူတို့မှာ ကျွမ်းကျင်မှုတော့မရှိနိုင်ဘူး။ကမ္ဘာ့အဆင့်ကိုမီချင်ရင်စာကျက်ပြီးမှတ်မိတာလောက်နဲ့ ပြန်ဖြေတာမျိုးမလုံလောက်တော့ဘူး။ဖင်လန်သား တွေလုပ်နေသလိုပညာအခြေခံစီးပွားရေးကိုကမ္ဘာ့အဆင့်အထိ မြှင့်တင်နိုင်အောင်လုပ်မှဖြစ်လိမ့်မယ်။ ဖင်လန်ဘာကြောင့်ပညာရေးမှာတိုးတက်သလဲဆိုရင်သင်ကြားရေးကိုအရမ်းထူးချွန်အောင်လုပ်ကြတယ်။သူတို့သင်ကြားတဲ့ ပုံစံက ကြောင်းကျိုးဆင်ခြင်တဲ့သင်ကြားနည်းမျိုးမဟုတ်တော့ဘူး။သင်ကြားနည်းမှာသူတို့အတွက်စံတစ်ခုသီးခြားရှိနေတယ်။ ဒုတိယအချက်ကသင်ယူမှုမှာသူတို့ကအရေးအကြီးဆုံးကဘာလဲလို့အမြဲဆန်းစစ်တယ်။သူတို့သင်ကြားမှု-သင်ယူမှုဖြစ်စဉ်မှာ ပြဋ္ဌာန်းစာအုပ်ကိုအလွတ်ကျက်မှတ်ရတာမျိုးတွေလုံးဝမရှိတော့ဘူး။သူတို့ကကြက်တူရွေးလိုအလွတ်ရွတ်ပညာရေးထက် တွေးခေါ်စဉ်းစားနိုင်တဲ့ပညာရေးကိုဦးစားပေးလာကြတယ်။ ပြဋ္ဌာန်းစာအုပ်ဆိုတာအလွတ်ကျက်ဖို့မဟုတ်ဘူး၊စဉ်းစားတွေးတောဖို့ အခြေခံလို့သဘောထားလာကြတယ်။ကျွန်တော်တို့အချမ်းသာဆုံးကျောင်းတွေတောင်မှ ကမ္ဘာ့အဆင့်မီလို့သာပြောနေတယ်အဲဒီလိုမလုပ်နိုင်သေးဘူး။ Q : ဒါဆိုရင်ဆရာရယ်ဖင်လန်ကိုမီဖို့ဆိုတာပညာရေးကိုဖင်လန်လိုလိုက်လုပ်လိုက်တာနဲ့ ပြောင်းလဲတိုးတက်မှုတွေ မဖြစ်နိုင်ဘူးလား။စီးပွားရေးကွာဟချက်တွေ၊မညီမျှမှုတွေ မေ့ထားလိုက်ပြီးသူတို့လိုပုံတူကူးတာမျိုးပေါ့။ A : စီးပွားရေးကွာခြားတယ်ပြောရအောင် ဖင်လန်မှာလည်းဆင်းရဲတဲ့ကျောင်းတွေရှိတာပဲဗျ။သူတို့ကဆင်းရဲတာကိုမပြောဘူး။သင်ကြားမှုသင်ယူမှုမှာဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုတာကိုပဲဂုဏ်ယူပြောကြတယ်။ကျွန်တော်တို့တိုင်းပြည်မှာလည်း လူမည်းရပ်ကွက်ကဆင်းရဲတဲ့ကျောင်းတွေရှိတာပဲ။သူတို့အထက်တန်းအောင်ပြီး ကောလိပ်ကိုသွားရင် အောင်မြင်ကြတာပဲဗျ။လူဖြူတွေထက်တောင် အောင်မြင်သေးတယ်။ဒီတော့ဆင်းရဲတာ၊စီးပွားရေးကွာဟတာတွေနဲ့သိပ်မဆိုင်တော့ဘူး။သင်ကြားရေးပဲ အရေးကြီးတယ်။လူမျိုးကွဲပြားတာလူတန်းစားကွဲပြားတာရှိကောင်းရှိမယ်။ဒါ တွေကို အကြောင်းပြပြီးတော့ ပညာရေးမှာ ကွဲပြားခြားနားနိုင်တယ်လို့ပြောတာတော့မမှန်နိုင်ပါဘူး။ Q : ဖင်လန်သားတွေပညာရေးကို မြှင့်တင်ရာမှာဆရာတွေရဲ့အခန်းကဏ္ဍကိုဦးစွာမြှင့်တင်ခဲ့တယ်လို့သိရပါတယ်။သူတို့ကဆရာအလုပ်ကို လေးစားဂုဏ်ယူဖွယ်အလုပ်တစ်ခုလိုတန်ဖိုးထားပြီး မြှင့်တင်ခဲ့ကြတာပါ။ကျွန်တော်တို့ အမေရိကန်မှာကတော့ဆရာဆိုတာအမျိုးမျိုးအပုပ်ချပြီးလက်ညှိုးထိုးစရာတစ်ခုအနေနဲ့သဘောထားကြတာ။အဲဒီအပေါ်မှာရော ဆရာ့အနေနဲ့ဘယ်လို မြင်ပါသလဲ။ A : သူတို့ကဆရာကိုသိပ္ပံပညာရှင်တွေလို့ထင်ပြီး၊စာသင်ခန်းကိုဓာတ်ခွဲခန်းလိုသတ်မှတ်ထားကြတာ။ဒါကြောင့်လည်း သူတို့ကဆရာတိုင်းကိုမာစတာဘွဲ့တစ်ခုခုရမှအတန်းကိုအပ်တာ။သူတို့ယုံကြည်ထားတာက မာစတာဒီဂရီတစ်ခုခု ရထားတဲ့သူတွေဟာပညာရေးဆိုင်ရာသဘောတရားကိုပဲသင်သင်၊လက်တွေ့ပဲလုပ်လုပ် ပေါက်ကရလုပ်မယ့်သူတွေလို့ မထင်ကြဘူး။သူတို့ကသင်ကြားမယ့်အကြောင်းအရာတွေကို ကောင်းကောင်းပြင်ဆင်တတ်မယ်၊ဘာသင်ရမယ်ဆိုတာသိတယ်၊ဘယ်လိုသင်ရမယ်ဆိုတာလည်းသိကြတယ်။ဒါကသူတို့ဘာကြောင့်မာစတာဘွဲ့ရတွေကို ရွေးချယ်ရသလဲဆိုတဲ့ပထမအချက်။ ဒုတိယအချက်ကသူတို့ကဆရာအလုပ်ကိုငတ်လို့လုပ်တာဆိုတာထက်တတ်လို့ဝင်လုပ်ကြတာများတယ်။တကယ့်ကိုပရိုတွေဆန်ဆန်ဝင်လုပ်ကြတာ။လုပ်ငန်းလုပ်ဆောင်ရာမှာလည်းပူးပေါင်း ဆောင်ရွက်တဲ့စိတ်ဓာတ်တွေ အပြည့်ရှိကြတယ်။ ကျောင်းချိန်အတွင်းမှာတစ်ဦးကိုတစ်ဦးအပြည့်အကူအညီပေးကြတယ်။သင်ခန်းစာတွေကို ပူးပေါင်းပြင်ဆင်ကြတယ်။အကြံဉာဏ်တွေပေးကြတယ်။အဲဒီလိုတစ်ဦးကိုတစ်ဦး အကြံဉာဏ်ပေးတာကိုလည်း ဆရာလုပ်တယ်လို့မယူဆကြဘူး။သင်ခန်းစာတွေကိုကြိုတင်ပြင်ဆင်တယ်။ကျွန်တော်တို့ ကောင်းတယ်ပြောပြော ဆိုးတယ်ပြောပြောအလယ်ခေတ်ပညာသင်စနစ်လမ်းကြောင်းအတိုင်းပဲသွားနေကြသေးတယ်။ဆရာတစ်ယောက်ဟာ တစ်နေကုန်အလုပ်လုပ်ရတယ်။ နေ့တိုင်းလုပ်ရတယ်။တစ်ဦးတည်းလုပ်နေရင် တီထွင်ဖန်တီးနိုင်စွမ်းတွေ ကျဆင်းတတ်တယ်ဆိုတာ ဖင်လန်သားတွေ ကောင်းကောင်းသိတယ်။ဒါကြောင့်လည်း တစ်ဦးတည်း လုပ်ဆောင်ရတဲ့ အနေအထားတွေကိုသူတို့ ရှောင်ကြတယ်။ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ရလဒ်တွေကိုသူတို့ ကောင်းကောင်းသိအောင် လေ့ကျင့်ထားကြတယ်။ဒါကြောင့်လည်းသူတို့အောင်မြင်ကြတယ်။